ချင်းပြည်နယ်၊ အမှတ်(၃)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘွဲခိန်း၏ ကြယ်ပွင့်ပြမေးခွန်းအားပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး- ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဖြစ်ပါတယ်။

     " ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စံချိန်မီ မိုးလုံလေလုံ မြို့နယ်အားကစားရုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် ထည့်သွင်းပေးရန်နှင့်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံတော်ကိုယ်စားပြုခဲ့သည့် ချင်းပြည်နယ်မှ အားကစားသမား(၃) ဦးတို့အား ၎င်းတို့နှင့် ထိုက်တန်သည့်အလုပ် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ " နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည် ဖြေကြားသွားမှာ ဖြစ်ပါတယ်။

     ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စံချိန်မီ မိုးလုံလေလုံ အားကစားရုံတည်ဆောက်ပေးနိုင်မည့် မြေနေရာအား (၂၃-၈-၂၀၁၇) ရက်နေ့တွင်ချင်းပြည်နယ်၊ ခရိုင်နှင့်မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အားကစားရုံအသစ် တည်ဆောက် ရန် သတ်မှတ်ထားသည့်မြေနေရာသည် မြို့နယ်ဘောလုံးကွင်းနှင့် ၁ မိုင်ခန့်ကွာဝေးသော မြို့ပတ်လမ်း၊ အမှတ်(၃)ရပ်ကွက်ရှိ မြေဧရိယာ (၃.၆၄၅) ဧကရှိသော မြေနေရာဖြစ်ပါသည်။ အဆိုပါမြေနေရာအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သက်သေခံမြေစာရင်း ပုံစံ-၁၀၅ (တည်နေရာဖော်ပြရန်၊ မြေအမျိုး အစားဖေါ်ပြရန်၊ ဂရမ်လျှောက်ထားရာတွင် တည်နေရာကို ညွှန်းဆို ရန်)၊ ပုံစံ-၁၀၆ ( အစိုးရမြေလွတ်မြေလပ် ဟုတ်/ မဟုတ်၊ အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/ မဟုတ်မှတ်ချက် ပြခြင်း၊ မြို့မြေဧရိယာအတွင်းကျရောက်ခြင်း ရှိ/မရှိ၊ အစိုးရ အဆောက်ဦနှင့် အခြားကိစ္စများအသုံးပြုရန်လျာထား မြေအတွင်း ကျရောက်ခြင်း ရှိ/မရှိ စိစစ်ခြင်း၊ မြေတန်ဖိုးနှင့်မြေငှားခ တွက်ချက် ပေးခြင်း)ကို ရေးဆွဲပေးခဲ့ပြီး ထန်တလန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် အမည်ပေါက်မြေဂရန်ရရှိရေးအတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားရှိပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စံချိန်မီမိုးလုံလေလုံ အားကစားရုံ ( အလျား ၁၂၀ ပေ x အနံ ၉၀ ပေ) တည်ဆောက်ခြင်း လုပ်ငန်းအတွက် ငွေကျပ် (၃၀၀.၀၀၀) သန်းနှင့် မိုးလုံလေလုံ အားကစားရုံ ခြံစည်းရိုး (၁၂၀၀ ပေ x ၃၀၀၀၀ ပေ) ကာရံခြင်းလုပ်ငန်းအတွက် ကျပ် (၃၆.၀၀) သန်းတို့အား (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းတင်ပြတောင်းခံ ထားရှိပြီးဖြစ်ပါသည်။ အဆိုပါမြေနေရာအား ထန်တလန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အမည်ပေါက်မြေဂရန်နှင့် ဘတ်ဂျတ်ခွင့်ပြု ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

     နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ အားကစား သမား (၃)ဦးတို့အား အလုပ်ခန့်ထားပေးရေးကိစ္စနှင့်ပတ်သက်၍ ဦးလျန်ထန်ဗွီး (ပြေးခုန်ပစ်) အားနည်းပြ (နည်းစနစ်) ရာထူးဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ ( မုံရွာ ) တွင် (၁-၉-၂၀၁၇) ရက်စွဲပါ ရုံးအမိန့်စာ (၇၂၁/၂၀၁၇)ဖြင့် ခန့်အပ်ထားရှိပြီး ဖြစ်ပါသည်။ ကျန်အားကစားသမား (၂) ဦးအား အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်၊ မုံရွာ) ကျောင်းများတွင် လိုအပ်သည့် နည်းပြ (နည်းစနစ်) ရာထူးနေရာများတွင် အလုပ်ခန့်ထားနိုင်ရေးအတွက် အရည်အချင်း စစ်ဆေးရေးအဖွဲ့ဖြင့် လူတွေ့စစ်ဆေး ဆောင်ရွက်ထား ရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိသည့် မောင်လာလ်ဒန်မွှေး (ပြေးခုန်ပစ်)အား အလုပ်ခန့်ထားနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ အားကစားသမားနောက်တစ်ဦး ဖြစ်သည့် မောင်လာလ်ထောင်းလျန် (နပန်း) နှင့်ပတ်သက်၍ မကြာမီ က ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်၊ မုံရွာ) ကျောင်းများတွင် အားကစားနည်း (၁၀) နည်း (ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျူဒို၊ လက်ဝှေ့၊ ဘတ်စကက်ဘော) ပါဝင်ပြီး နပန်း အားကစားနည်းမှာ ပါဝင်ခြင်းမရှိ သေးသည့်အတွက် ယခုလောလောဆယ်တွင် အလုပ်ခန့်ထားနိုင်ခြင်းမရှိသေးပဲ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများတွင် နည်းပြ(နည်းစနစ်) ရာထူးနေရာများ ခန့်အပ် ခွင့်ရရှိပါက ဦးစားပေးခန့်ထား ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

More Tags