ချင်းပြည်နယ်၊ အမှတ်(၁၂)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသောအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်းဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဖြစ်ပါတယ်။

     ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ နိုင်ငံတော်အစိုးရမှ ဆောက်လုပ်ပေးခြင်းမရှိသေးသည့် ကျေးရွာများအား အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။

     အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တင်ပြထားသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့နယ်ဆေးရုံ၊ ခုတင်(၅၀) (၁)ရုံ၊ တိုက်နယ် ဆေးရုံ၊ (၁၆)ခုတင် (၂)ရုံ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန (၁)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၅)ခုရှိပါတယ်။

     ကနဦးဆန်းစစ်ချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် (၂၀၁၆-၂၀၁၇)ခု၊ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် ကျန်းမာရေးဌာနများ ဆောက်လုပ်ခြင်းလုပ်ငန်း (ကျေးလက် ကျန်းမာရေးဌာန (၁၀၅)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၄၅၄)ခု၊ စုစုပေါင်း(၅၅၉)အား အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ချင်းပြည်နယ်တွင်ရှိသော ကျေးလက်ကျန်းမာရေးဌာန (၁၇)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၉)ခု၊ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနရုံး (၂)ခု၊ ဆောက်လုပ်ရေးလုပ်ငန်းစုစုပေါင်း (၂၈)ခုအားအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ(၁)ခုလျှင် ကျပ်သန်းပေါင်း (၆၃.၀၀)စီဖြင့် (၁၇)ခုအတွက် ကျပ်သန်းပေါင်း (၁၀၇၁.၀၀)၊ ကျေးလက်ကျန်းမာရေးဌာန(၁)ခုလျှင် ငွေကျပ်သန်း(၁၂၆)စီဖြင့် (၉)ခု အတွက် (၁၁၃၄.၀၀)၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး (၁)ခုလျှင် ငွေကျပ်သန်း (၂၅၇.၂၅)စီဖြင့် ရုံး(၂)ရုံးအတွက် ငွေကျပ်သန်း (၅၁၄.၅၀)ကျပ် စုစုပေါင်း ငွေကျပ်သန်းပေါင်း (၂၇၁၉.၅၀)ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

     ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၂၄-၇-၂၀၁၇)ရက်စွဲပါ စာအမှတ်၊ ပက(ချင်း) လွှတ်တော်(၂၉၀၅) ၁၇အရ (၂၀၁၁-၂၀၁၂)ခု၊ ဘဏ္ဍာရေးနှစ်မှ (၂၀၁၇-၂၀၁၈)ခု၊ဘဏ္ဍာရေးနှစ်အထိ ပလက်ဝမြို့နယ်အတွက် ကျေးလက်ကျန်းမာရေးဌာန (၃)ခု (ကွမ်းချောင်းဝ၊ ဒိုးကျောင်းဝ၊ သံတောင် ကျေးလက်ကျန်းမာရေးဌာန)နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၆)ခု (တွီဆော့ကုန်း၊ စင်ကီတောင်၊ ဝါဒိန်၊ ပေါင်းမိုင်၊ တိုင်ဝ၊ ကြက်မအိုင် ကျေးလက်ကျန်းမာရေးဌာနခွဲ) အတွက် အဆောက်အဦများ ဆောက်လုပ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ၎င်းအနက်မှ ကျေးလက်ကျန်းမာရေးဌာန (၂)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၄)ခုတို့၏ အဆောက်အဦများ ဆောက်လုပ်ပြီးစီးပြီးဖြစ်ပါတယ်။ ကျန်သည့် ကျေးလက်ကျန်းမာရေးဌာန(၁)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၂)ခုတို့၏ အဆောက်အဦများ ဆောက်လုပ်ရန်လုပ်ငန်းများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စိစစ်ဆောင်ရွက်ဆဲဖြစ်ပါတယ်။

     ပလက်ဝမြို့နယ်သည် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)၏ နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း (၂၀၁၇-၂၀၁၈) (Annual Operational Plan-2017-2018) တွင်ပါဝင်သောမြို့နယ်ဖြစ်ပါတယ်။ ၎င်းနှစ်အလိုက်စီမံကိန်း၏ Investment Package ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် လုပ်ငန်းများ တွင်-

      - ကျေးလက်ကျန်းမာရေးဌာန(၁)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန ခွဲ(၄)ခုအား အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

     - ကျေးလက်ကျန်းမာရေးဌာန(၄)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန ခွဲ(၂၀)ခုအား အသေးစားပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက် ခြင်းလုပ်ငန်းများ ပါဝင်ရာပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် မည့် ကျန်းမာရေးဌာနများ ဦးစားပေးရွေးချယ်ခြင်းအား ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ကာ ဆောင်ရွက် သွားမယ်ဖြစ်ပါတယ်။ ၎င်းကျန်းမာရေးဌာနများ၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ရန် တစ်မြို့နယ်လျှင် ခန့်မှန်းကုန်ကျစရိတ် မြန်မာကျပ်ငွေ သန်းပေါင်း(၅၂၀)ခန့် ကုန်ကျ၍ ဆောင်ရွက် ရန်လျာထားပါတယ်။

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမှကျခံသုံးစွဲ၍ ကျန်းမာရေးဌာနများ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အဆောက်အဦအသစ် ဆောက်လုပ်ရန် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးဌာန (၃)ခု (ဆမီး၊ ကနောင်၊ မှူးတနူးကျေးလက်ကျန်းမာရေးဌာန)နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၆)ခု (ကျီးလေး၊ ဝက်မ၊ ဗုဒ္ဓဂါမ၊ ဂါရာပြင်၊ ရွှေလိုက်ဝ၊ မြိတ်ဝကျေးလက်ကျန်းမာရေးဌာနခွဲ)အား အဆိုပြုတင်ပြထားရာ ဦးစားပေးအစီအစဉ်ဖြင့် ရွေးချယ်ဆောင်ရွက်မည်ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဦးစားပေးရွေးချယ်ရာတွင် ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်ပေးနိုင်မှု (Utilization Rate)၊ လွှမ်းခြုံနိုင်မည့် ကျေးရွာနှင့် လူဦးရေ၊ အဆောက်အဦဆောက်လုပ်ရန် လိုအပ်သော အခြေခံ လူမှုစီးပွားအချက်အလက်များ(ဥပမာ-လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေဒေသအေးချမ်းခြင်း၊ မြေနေရာပိုင်ဆိုင်မှုလုံ‌လောက်စွာရှိခြင်း) စသည့် အချက်များအပေါ်အခြေခံ၍ ရွေးချယ်ဆောင်ရွက်သွား မည် ဖြစ်ကြောင်းဖြေကြားအပ်ပါတယ်။

     အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags