(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ လာရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ယဉ်ကျေးမှုအဖွဲ့ဝင်များအား 2019 Novel Corona Virus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာ မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်

     ၂၀၂၀ ခုနှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို လာရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ယဉ်ကျေးမှုအဖွဲ့ဝင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင် ဖြစ်ပွားသော 2019 Novel Corona Virus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဟောပြောပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့၊ ည(၇:၃၀)နာရီမှ (၉:၀၀)နာရီ အထိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အားကစားရွာ(Sport Village, Gold Camp, Cluster-4) တွင် ကျင်းပပြုလုပ်ခဲ့ရာ ယဉ်ကျေးမှုအဖွဲ့ဝင်(၄၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

 

     ကျန်းမာရေးအသိပညာမြှင့်တင်ရေးဟောပြောပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုး က 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကာကွယ် ရေးဆိုင်ရာ သိကောင်းစရာများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်း က စနစ်တကျလက်ဆေးခြင်းအကြောင်း ရှင်းလင်းခဲ့ပြီး လက်ဆေးခြင်းဗီဒီယိုကိုပြသကာ တက်ရောက်လာသူများအား လက်စနစ်တကျဆေးကြောခြင်းကို လက်တွေ့ လေ့ကျင့်ပေးခြင်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင် က နှာခေါင်းစည်း(Mask) အသုံးပြုခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်များကို လည်းကောင်း၊ လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်းအောင် က QR Code အသုံးပြု၍ ကျန်းမာရေးအသိပညာမြှင့်တင်ရေး သတင်းအချက်အလက်များ ရယူလေ့လာခြင်းအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးကြကာ 2019 Novel Corona Virus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူ လမ်းကြောင်းရောဂါ ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များနှင့် အခြားကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကိုလည်း ယဉ်ကျေးမှုအဖွဲ့ဝင်များအား ဖြန့်ဝေခဲ့ပါသည်။

 

     ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုး က နိဂုံးချုပ်ပြောကြားရာတွင် စနစ်တကျ လက်ဆေးခြင်း၏အရေးကြီးပုံနှင့် ယနေ့ဟောပြောပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ မိမိတို့၏မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းတို့အား ယနေ့ရရှိသွားသော ကျန်းမာရေးအသိပညာများကို ပြန်လည်ဖြန့်ဝေသွားရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက စနစ်တကျလက်ဆေးရန်အတွက် ဆပ်ပြာနှင့်ရေ အလွယ်တကူမရရှိပါက အသုံးပြုနိုင်ရန် လက်သန့်စင်ဆေးများကို အဆောင်အလိုက်အသုံးပြုနိုင်ရန် ဖြန့်ဝေပေးခဲ့ပါသည်။


 
 
 

More Tags