(၂၀၁၈-၂၀၁၉) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးနှင့် ထူးချွန်စွာအောင်မြင်သော ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၏ သား၊ သမီးများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၉) ရက်

     (၁၉-၈-၂၀၁၉) ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Pacific Ballroom ၊Pan Pacific Hotel ၌ (၂၀၁၈-၂၀၁၉) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးနှင့်ထူးချွန်စွာ အောင်မြင်သော ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၏ သား၊ သမီးများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဖေသက်ခင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဂုဏ်ပြုအမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

 

     အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ကျန်းမာရေးဝန်ထမ်းများ၏ သား/သမီးများကို ပိုမိုကြိုးစားလိုစိတ် ပေါ်ပေါက်လာစေရန်နှင့် ထူးချွန်သား/သမီးများကို ချီးမြှင့်ဂုဏ်ပြုခြင်းအားဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲလာစေရန် ရည်ရွယ်ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်း များ၏ ဂုဏ်ထူးရထူးချွန် သား/သမီးများဖြစ်သည့် (၆) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၀) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၁၃) ဦး တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုငွေများ အသီးသီး ချီးမြှင့်ပေးအပ်၍ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် သီးသန့်ရေးစပ်သီဆိုထားသော ကျောင်းကျန်းမာရေးပညာပေးသီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားကို နေ့လယ် (၁၂) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

     အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဒေါက်တာဖေသက်ခင် နှင့် ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာမြဦး၊ တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှုး ဦးညီညီ၊ နှှီးနွယ်ဝန်ကြီးဌာနများမှ အကြီးအကဲများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆေးရုံအုပ်ကြီးများ၊ ပုဂ္ဂလိကဆေးရုံပိုင်ရှင်များအသင်းမှ အတွင်းရေးမှူးနှင့် ပုဂ္ဂလိကဆေးရုံပိုင်ရှင်များ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးကျန်မာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ ဖျော်ဖြေရေးအနုပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၏ ဂုဏ်ထူးရ ထူးချွန်သားသမီးများနှင့် မိဘ/ အုပ်ထိန်းသူများ အပါအဝင် စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags