၂၀၁၈ ခုနှစ် ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

ပဲခူးမြို့၊ မေလ(၂) ရက်

     ၂၀၁၈ ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု ၏ အခြေအနေဆန်းစစ်ဆွေးနွေးခြင်းအခမ်းအနားကို ၂.၅.၂၀၁၉ ရက်နေ့ နံနက်(၉) နာရီတွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိမြို့နယ် (၂၈) မြို့နယ်မှ ၂၀၁၈ ခုနှစ် အတွင်း တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီးမြောက်မှုများ ၊မြို့နယ်များ၏ အားသာချက်၊ အားနည်းချက်များ ပေါ်မူတည်ပြီး ၂၀၁၉ ခုနှစ်တွင် တီဘီလူနာများပိုမို ရှာဖွေနိုင်ရန် ကုသမှုအောင်မြင်နှုန်း ပို၍မြင့်မားစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

 

     အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာအေးငြိမ်း မှ အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးတွင် တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါ တို့ တစ်နှစ် ထက်တစ်နှစ် ပို၍ရှာဖွေကုသနိုင်သည်ကို တွေ့ရှိလာရပြီး မြို့နယ်များတွင် လည်း အခက်အခဲ များကိုရင်ဆိုင်ပြီးဆောင်ရွက်နေသည်များကို ချီးကျူးပါကြောင်း ၊အကောင်းဆုံး ဆောင်ရွက်မှုရှိသော မြို့နယ်များကို အတုယူပြီးဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း အစည်းအဝေးတွင် တွေ့ရှိချက် များကိုလည်း ဗဟိုအဆင့်တွင် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသွားပါသည်။

     ဆက်လက်၍ မြို့နယ်များ၏လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို မြို့နယ်အသီးသီးမှ တင်ပြဆွေးနွေးခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ ရှေးလုပ်ငန်းစဉ်များချမှတ်ခြင်းတို့ ဆောင်ရွက်ပါ သည်။ ၎င်းနောက်လုပ်ငန်းဆောင်ရွက်မှုထူးချွန်ဆုရရှိသော မြို့နယ်များအား ဆုချီးမြှင့် ခဲ့ပါသည်။ အခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဉီးစီးဌာနမှူး ဒေါက်တာနီနီလှိုင်၊ တိုင်းတီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တိုင်းတီဘီဆရာဝန်ကြီး၊ တာဝန်ခံများနှင့် မြို့နယ်(၂၈) မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးများ၊ တီဘီရောဂါ ကုသရေးတာဝန်ခံများ စုစုပေါင်း (၇၀)ဉီးခန့် တက်ရောက် ခဲ့ကြပါသည်။

More Tags