(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

နေပြည်တော်၊ ဒီဇင်ဘာလ (၈) ရက်

     (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် လက်တွေ့လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ ည(၇:၀၀) နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲ အဆောက်အဦရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီးနှင့် အခြားတာဝန်ရှိသူများ၊ ဆေးအဖွဲ့များအလိုက် တာဝန်ယူထားသော Venue Medical Manager များ၊ စီမံခန့်ခွဲမှုတာဝန်ခံများ တက်ရောက်ကြပြီး အစည်း အဝေး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းများနှင့် ဆေးအဖွဲ့များ၏ စီမံခန့်ခွဲမှုကိစ္စများကို ဆွေးနွေးတိုင်ပင်ကြပြီးနောက် အစည်းအဝေးကို ည (၁၀:၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

 

     (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အားကစားနည်းအလိုက် ဆေးအဖွဲ့ပေါင်း (၃၈)ဖွဲ့ဖြင့် လည်းကောင်း၊ အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် လူနာတင်ယာဉ် (၄၅)စီးကို လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ထားရှိပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိမှု (Mass Casualty)များအတွက်လည်း စီမံချက် ရေးဆွဲကာ လက်တွေ့လေ့ကျင့်မှု (Disaster Drill)ကို ဌာနပေါင်းစုံနှင့်ညှိနှိုင်း၍ ဆောင်ရွက်ထားရှိပါသည်။

 

     အားကစားပွဲကာလအတွင်း ဆေးကုသမှုလုပ်ငန်းများ၊ ကူးစက်ရောဂါတားဆီး ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ တားမြစ်ဆေးသုံးစွဲမှု စစ်ဆေးခြင်း လုပ်ငန်းများ၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းများကို ဆက်စပ်သောဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညစဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

 
 

More Tags