ဟားခါးမြို့တွင် တီဘီရောဂါ နယ်လှည့်ကွင်းဆင်းရှာဖွေရေး ဆောင်ရွက်

ဟားခါးမြို့၊ မေလ (၂၂) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယမင်းကျော်သူ အဖွဲ့ခေါင်းဆောင် ဆရာဝန်(တီဘီ/အနာကြီး) ဦးဆောင်၍ တီဘီရောဂါ နယ်လှည့်ကွင်းဆင်းရှာ​ဖွေရေးအဖွဲ့၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် မတူပီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ မေလ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ မတူပီမြို့နယ် ဝလံပီးကျေးရွာ၊ ကလားကျေးရွာ၊ ဝလံတဲကျေးရွာ၊ လေဆင်းကျေးရွာနှင့် ဗန်ကိုင်ကျေးရွာတို့တွင် တီဘီရောဂါနယ်လှည့် ကွင်းဆင်း ရှာဖွေကုသရေးလုပ်ငန်းများ ပြုလုပ်ခဲ့ပါသည်။

 

     ကျေးလက်နေပြည်သူစုစုပေါင်း(၄၀၀)ဦးအား အထွေထွေရောဂါ စစ်ဆေးကုသခြင်းများပြု လုပ်ပေးနိုင်ခဲ့ပါသည်။ စစ်ဆေးမှုခံယူသူ(၄၀၀)ဦးအနက် တီဘီသံသယလူနာ (၃၆၄)ဦးအား အခမဲ့ ဓါတ်မှန်ရိုက်ပေးခြင်း၊ လူနာ(၄၀)ဦးအား သိလိပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။ ဓါတ်မှန်ဖြင့် တီဘီရောဂါ ကုသမှုပေးခဲ့သူ (၁၂)ဦး (အသက် ၁၅နှစ်နှင့်အထက်)ရှိပြီး HIV ​ရောဂါစစ်ဆေးပေးမှု များကိုပါ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် လူနာ(၂၉၀)ဦးအား ငှက်ဖျားရောဂါ စစ်ဆေးခြင်းနှင့် အသက်(၄၀)နှစ်နှင့်အထက် လူနာစုစုပေါင်း(၂၀၇)ဦးအား ဆီးချိုသွေးချို စစ်ဆေးပေးခဲ့ပါသည်။ ဆီးချိုသွေးချို ဝေဒနာရှင် အသစ်မတွေ့ရှိရဘဲ သွေးတိုးရောဂါလူနာများအပြင် ငှက်ဖျားရောဂါ (၃၀)ဦးခန့်အား ဆေးကုသမှု ပေးခဲ့ပါသည်။ သွေးလွန်တုပ်ကွေးရောဂါနှင့် NCD ​ရောဂါများနှင့် ပတ်သက်၍လည်း ကျန်းမာရေးပညာပေး ဟောပြောပွဲ ပြုလုပ်ပေးခဲ့ပါသည်။

More Tags