သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် HIV/AIDS လူနာများအား ကုသမှုပေးရာတွင် ပိုမိုထိရောက်စေရန် အခြေခံနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းသင်တန်း ကျင်းပ

ရန်ကုန်မြို့၊ မေလ (၂၀) ရက်

     (၂၀.၅.၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ HIV/AIDS လူနာများအား ကုသမှုပေးရာတွင် ပိုမိုထိရောက်စေရန် အခြေခံ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းသင်တန်း (Basic Counseling Training) ကျင်းပပြုလုပ်ခဲ့ပါသည်။

     သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းလှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယတိုင်းဒေသကြီး ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းသင်တန်းကို သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် HIV/AIDS လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပိုမိုထိရောက်သော နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း နည်းလမ်းများကို အသုံးပြုခြင်းဖြင့် လူနာများမှ ART ဆေးဝါးသောက်သုံးမှု၊ နောက်ဆက်တွဲ ဆေးကုသခံယူမှုများနှင့် ပတ်သက်၍ လိုက်နာမှုအား ပိုမိုကောင်းလာစေရန် ရည်ရွယ်ပြီး သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းကာ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၃) ရက်တိုင် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

 

     သင်တန်းဆရာများအဖြစ် ရန်ကုန်တိုင်းဒေသကြီးခုခံကျကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဇော်၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ ဖြစ်သော ဒေါက်တာရဲပိုင်၊ ဒေါက်တာရဲနိုင်၊ ဒေါက်တာခိုင်ခိုင်သင်း၊ WHO မှ Field Project Coordinator ဒေါက်တာအေးမြမြမိုးတို့က ဆောင်ရွက်ခဲ့ပြီး သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်၊ လက်ထောက်ဆေးရုံအုပ်၊ သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ဦးနှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ သူနာပြုဆရာမများ၊ ဆေးလူမှုဆက်ဆံရေးအရာရှိများ စုစုပေါင်း (၅၁) ဦးခန့်သည် စာတွေ့လက်တွေ့သင်ခန်းစာများကို သင်ယူခဲ့ကြပါသည်။

More Tags