လတ်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းလမ်းညွှန် (၂၀၁၇) ပြည်နယ်အဆင့်ဆရာဖြစ်သင်တန်း (ချင်းပြည်နယ်) ကျင်းပ

နေပြည်တော်              စက်တင်ဘာ (၁၇) ရက်

     ယနေ့နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်၊ Royal Naypyitaw Hotel တွင် လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းလမ်းညွှန် (၂၀၁၇) ပြည်နယ်အဆင့်ဆရာဖြစ်သင်တန်း (ချင်းပြည်နယ်) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အငြိမ်းစား ပါမောက္ခ ကလေးအထူးကုဆရာဝန်ကြီး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ကလေးကျန်းမာပညာဌာနမှ တွဲဖက်ပါမောက္ခ၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ကလေးကျန်းမာပညာဌာနမှ တွဲဖက်ပါမောက္ခနှင့် ကထိက၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်မှ ကလေးအထူးကုဆရာဝန်များ၊ ဆေးရုံအုပ်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။



 

     ဒေါက်တာသောင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရချို့တဲ့မှုဟာ ကာကွယ်လို့ရတဲ့ လုပ်ငန်းဖြစ်ပြီး အချိန်မီကုသနိုင်မယ်ဆိုရင် အသက်ဆုံးရှုံးမှု၊ နာတာရှည်ရောဂါ ဖြစ်ပွားမှုတို့ကို တားဆီးနိုင်မှာဖြစ်လို့ ဦးစားပေးဆောင်ရွက်ဖို့ အလွန်အရေးကြီးကြောင်း၊ အာဟာရချို့တဲ့မှု ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုကိုလည်း ထိရောက်စွာ လျှော့ချနိုင်မှာဖြစ်ကြောင်း၊ လတ်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းလမ်းညွှန် (၂၀၁၇) ကို အသုံးပြုပြီး အပြင်းအထန် လတ်တလောအာဟာရချို့တဲ့သော ကလေးများရဲ့ (၁၀) မှ (၁၅) ရာခိုင်နှုန်းဟာ ဆေးရုံတင်ပို့ကုသရန် မလိုအပ်ဘဲ ပြည်သူလူထုအတွင်းမှာပင် ကုသပေးနိုင်တော့မှာဖြစ်ကြောင်း၊ ဆေးရုံများအနေနဲ့လည်း အပြင်းအထန် လတ်တလောအာဟာရချို့တဲ့ပြီး နောက်ဆက်တွဲဆိုးကျိုးများ အမှန်တကယ် ခံစားနေရသော ကလေးများကိုသာ လက်ခံကုသရမှာ ဖြစ်တာကြောင့် မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ အာဟာရချို့တဲ့သောကလေးများကို ပြည်သူများအတွင်း စနစ်တကျ ရှာဖွေဖော်ထုတ်ပြီး အာဟာရချို့တဲ့မှုအမျိုးအစားများ သတ်မှတ်ကုသခြင်း၊ ဆေးရုံမှဆင်းပြီးနောက် လူထုအတွင်း အာဟာရစောင့်ရှောက်မှုပေးသော ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။


 

     လတ်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းလမ်းညွှန် (၂၀၁၇) ဆိုင်ရာ ဗဟိုအဆင့် ဆရာဖြစ်သင်တန်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းများကို ပို့ချပြီးဖြစ်ကာ ယင်းတိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဆက်လက်သင်ကြားပို့ချနေပါသည်။

     ယခုသင်တန်းသည် လတ်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းလမ်းညွှန် (၂၀၁၇) ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်း (ချင်းပြည်နယ်) ဖြစ်ပြီး (၅) ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းပြီးမြောက်ပါက သက်ဆိုင်ရာမြို့နယ်များတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံးနှင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများမှ ဆရာဝန်၊ သူနာပြုဆရာမများအားလုံးကို ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

More Tags