လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

လားရှိုးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးရုံး၌ (၁၄-၈-၂၀၁၉) နံနက်တွင် “ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနား” ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်၊ ပညာရေး၊ ပြန်ကြားရေး၊ စားသုံးသူရေးရာ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ… စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

     အခမ်းအနားတွင် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြားသွားပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်သူများက ကိုယ်ဝန်ဆောင်များအား သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြားများ ဝေငှခြင်း၊ နို့တိုက်မိခင်များအား ဗီတာမင်ဘီဝမ်းဆေးပြားများ ဝေငှခြင်း၊ မူလတန်းကလေးများအား ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးပြားများ တိုက်ကျွေးခြင်းနှင့် လက်ဆောင်ပေးခြင်း၊ အိုင်အိုဒင်းဆား၏ အရည်အသွေးကို လက်တွေ့စမ်းသပ် သရုပ်ပြခြင်းကို ကြည့်ရှုခြင်းနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။

More Tags