လိင်မှုရေးရာနှင့် မျိုးဆက်ပွားကျန်းမာရေး ပညာပေးလှုပ်ရှားမှုများ မုံရွာပညာရေးကောလိပ်တွင် ဆောင်ရွက်

မုံရွာမြို့၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၄)ရက်

     စစ်ကိုင်းတိုင်း‌ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  မုံရွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  PSI အဖွဲ့တို့ပူးပေါင်း၍  မုံရွာပညာရေးကောလိပ်တွင် လိင်မှုရေးရာနှင့် မျိုးဆက်ပွား ကျန်းမာရေးပညာပေး လှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို ၂၀၁၉ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် မုံရွာပညာရေး ကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး၊ ဒေါ်အေးဖြူစင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် မုံရွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဝန် (မိခင်ကျန်းမာ)၊ ဒေါက်တာသန်းနှင်းအေးမှ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်း၏ ဆိုးကျိုးများနှင့် ကာကွယ်ရန်နည်းလမ်းများအကြောင်း ပညာပေး ဟောပြော ပို့ချပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာညီညီလွင်မှ လိင်မှုရေးရာ၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင့် ကျား၊ မအခြေပြု အကြမ်းဖက်ခြင်းများနှင့် စပ်လျဉ်း၍ ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။


     ဒုတိယပိုင်းအစီအစဉ်အနေဖြင့် သားဆက်ခြားနည်းလမ်းများနှင့် သားဆက်ခြားဆေး၊ ဆေးပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ အုပ်စုလိုက်ဆွေးနွေးခြင်းများ၊ “Love Question Life Answer” Andriod Application ကို ထည့်သွင်းပေးခြင်း၊ တက်ရောက်လာသူများကို တစ်ဦးချင်း ပညာပေးဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် PSI အဖွဲ့အစီအစဉ်ဖြင့် လိင်မှုရေးရာ၊ မျိုးဆက်ပွားကျန်းမာရေးအခွင့်အရေးများနှင့် ကျားမအခြေပြုအကြမ်းဖက်ခြင်းများကို ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး မှန်ကန်စွာ ဖြေဆိုနိုင်ကြသူများအား လက်ဆောင် ပစ္စည်းများပေးခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါပညာပေး လှုပ်ရှားမှုအစီအစဉ်ကို စုစုပေါင်း တက်ရောက် လာသူဦးရေ (၈၅၀) ကျော်အား ပညာပေး ဟောပြောနိုင်ခဲ့ပါသည်။

More Tags