လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် မိခင်သေဆုံးမှု စောင့်ကြပ်ကြည့်ရှုတုံ့ပြန်ဆောင်ရွက်ခြင်း (MDSR) လုပ်ငန်းဆန်းစစ်ခြင်းအစည်းအဝေးကျင်းပ

လွိုင်ကော်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၄) ရက်

     ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ်အဆင့် မိခင်သေဆုံးမှု စောင့်ကြပ်ကြည့်ရှုတုံ့ပြန်ဆောင်ရွက်ခြင်း (MDSR) လုပ်ငန်း ဆန်းစစ်ခြင်းအစည်းအဝေးကို (၄.၃.၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကုသရေး နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) နှင့် ဝန်ထမ်းများ၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်များ၊ အထွေထွေရောဂါအထူးကုဆရာဝန်၊ ရောဂါဗေဒဆရာဝန်ကြီး၊ မှုခင်းဆရာဝန်ကြီး၊ သူနာပြုအုပ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာမကြီးများနှင့် ကျန်းမာရေးမှူးများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါက်တာအေးသော်တာမွန်က ကယားပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၃) နှစ် အတွင်း သေဆုံးခဲ့သော မိခင်သေဆုံးမှုများအကြောင်း အသေးစိပ် ရှင်းလင်းတင်ပြခဲ့ပါသည်။ မိခင်သေဆုံးမှုရှိသည့် မြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက မိမိတို့မြို့နယ်အတွင်း မိခင်သေဆုံးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ကျန်းမာရေးဝန်ထမ်းများမှ သေဆုံးရသည့်အကြောင်းအရင်း၊ နှောင့်နှေးခြင်းအဆင့်များ၊ တုံ့ပြန်ဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးမှုများအပြီးတွင် မိခင်သေဆုံးမှုလျှော့ချနိုင်ရန်အတွက် လုပ်ငန်းများ အောင်မြင်အောင် အလေးထားဆောင်ရွက်ကြရန် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးက တိုက်တွန်းမှာကြားပြီး အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

More Tags