လွိုင်ကော်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၃) ရက်
ပြည်နယ်အဆင့် ငါးနှစ်အောက်ကလေးသေဆုံးမှု စောင့်ကြပ်လေ့လာခြင်းနှင့်တုန့်ပြန် ဆောင်ရွက်ခြင်း (CDSR) လုပ်ငန်းဆန်းစစ်ခြင်းအစည်းအဝေးကို (၃.၃.၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ကလေးအထူးကုဆရာဝန်များ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါက်တာအေးသော်တာမွန်က (၂၀၁၉) ခုနှစ်အတွင်း ကယားပြည်နယ်၌ သေဆုံးခဲ့သော ငါးနှစ်အောက်ကလေးများနှင့်ပတ်သက်၍ အသေးစိပ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ မိမိတို့မြို့နယ်အတွင်း သေဆုံးခဲ့သော ငါးနှစ်အောက်ကလေးများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာနီနီသန်း၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာအမာနှင့် ဒေါက်တာ အေးသော်တာမွန်တို့က ငါးနှစ်အောက် ကလေးသေဆုံးမှုများ လျော့ချနိုင်ရန်အတွက် တုန့်ပြန်ဆောင်ရွက်ရမည့် အချက်အလက်များကိုဆွေးနွေးပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။