ရန်ကုန်-မန္တလေးအမြန်လမ်း အရေးပေါ် လူနာတင်ယာဉ်စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန်လ (၆) ရက်

     ရန်ကုန်-မန္တလေးအမြန်လမ်း အရေးပေါ်လူနာတင်ယာဉ်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၆) ရက်၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အခြားတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် နေပြည်တော်ကုသရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ ဒုဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီး (အရေးပေါ်ကုသမှုဆေးပညာ)၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် အရေးပေါ်လူနာတင်ယာဉ်စခန်း ဖွင့်လှစ်ထားသော ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ခံ ဆရာဝန်များ၊ B-Smart Company မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါ အစည်းအဝေးတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (အရေးပေါ်ကုသမှုဆေးပညာ) ဒေါက်တာသန်းလတ်အောင်က EMS 192 Call Center နှင့် အရေးပေါ်လူနာတင်ယာဉ်စခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်များကိုလည်းကောင်း၊ အရေးပေါ်လူနာတင်ယာဉ်စခန်း အသီးသီးမှ စခန်းအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် အခက်အခဲများကိုလည်းကောင်း တင်ပြဆွေးနွေးကြပြီး ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

 

     ထို့နောက် ရန်ကုန်-မန္တလေးအမြန်လမ်း အရေးပေါ်လူနာတင်ယာဉ်စနစ်ကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သတ်မှတ်ပြီး အစည်းအဝေးကို ညနေ (၄:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Tags