ရန်ကုန်မြို့တွင် မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာစီမံချက်၏ ဒေသတွင်းနိုင်ငံများ ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိင်ရေး အလုပ်ရုံအစည်းအဝေးကျင်းပ

ရန်ကုန်မြို့၊ မေ (၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဦးဆောင်ကာ မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ စီမံချက်၏ ဒေသတွင်းနိုင်ငံများ ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သုတေသန လုပ်ငန်းများဆောင်ရွက်နိုင်ရေး အလုပ်ရုံအစည်းအ‌ဝေးကို မေလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

 

     ယင်းအလုပ်ရုံ အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာစီမံချက်ဝင် မြို့နယ် (၁၂) မြို့နယ်မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဖိတ်ကြားထားသောကိုယ်စားလှယ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ တာဝန်ရှိသူများ၊ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)၊ ပါမောက္ခဒေါက်တာဌေးဌေးတင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးတက် ရောက်လာသည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံအဖွဲ့တို့မှ ခေါင်းဆောင်များ ကလည်း နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါသည်။

 

     အစည်းအဝေးတွင် ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ဒေသတွင်းပဋိဇီဝ ဆေးယဉ်ပါးမှုလျော့ချနိုင်ရေး နည်းပညာအသစ်များဖော်ထုတ်ခြင်း၊ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများအချင်းချင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး လုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက် သွားကြမည် ဖြစ်ပြီး အစည်းအဝေးကို မေလ (၁၀) ရက်နေ့အထိ (၂) ရက်တာကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

More Tags