ရန်ကုန်တိုင်းဒေသကြီးအတွင်း မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ (Family Medicine Clinics) ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

     (၁၅.၇.၂၀၁၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ (Family Medicine Clinics) ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော မြို့နယ်နှင့်ရပ်ကွက်အလိုက် ဖွင့်လှစ်ထားသည့် မိသားစုကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများမှတဆင့် ကနဦးပြသပြီး ရောဂါအခြေအနေနှင့် လူနာ၏ လိုအပ်ချက်ပေါ်မူတည်ကာ အထူးကုဆရာဝန်ကြီးများ အဆင့်မြင့်ဆေးရုံများသို့ လွှဲပြောင်းကုသနိုင်ရန်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထု၏ အသေးငယ်ဆုံး အစုအဖွဲ့ဖြစ်သော မိသားစုအဆင့်မှ စတင်၍ စောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ်ပါသည်။

 

     ညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ငြိမ်း၊ ပါမောက္ခ-ဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်း / ခရိုင်နှင့် မြို့နယ်များမှ ဖိတ်ကြားထားသော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှ ဖိတ်ကြားထားသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags