ရန်ကုန်တိုင်းဒေသကြီးအတွင်း HIV/AIDS ရောဂါကုသခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း ဖွင့်ပွဲကျင်းပ

ရန်ကုန်မြို့၊ မတ်လ(၂၆)ရက်

     (၂၆.၃.၂၀၁၉)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် မင်္ဂလာဒုံအထူးကုဆေးရုံကြီး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း HIV/AIDS ရောဂါကုသခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းကို ART ဆေးကုပင်မဌာနများနှင့်ဆင့်ပွားဌာနများမှ ဆရာဝန်များ၊ တာဝန်ခံဆရာမများအနေဖြင့် HIV/AIDS နှင့် ပတ်သက်သော ဗဟုသုတများ၊ ဆေးကုထုံးများ၊ ကာကွယ်ရေးနည်းလမ်းများ၊ ပူးတွဲဖြစ်တတ်သောရောဂါများ၏ ကုသပုံများနှင့် မိခင်မှတဆင့် ကလေးကို အိတ်ချ်အိုင်ဗွီပိုးမကူးစက်အောင်ကာကွယ်ရေးနည်းလမ်းများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အထူးကုသမားတော်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများနှင့် အမျိုးသားခုခံကျကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများက (၃)ရက်ကြာ သင်တန်းပို့ချ သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကို ဝေဘာဂီအထူးကုဆေးရုံကြီးတွင်လည်း (၄.၂.၂၀၁၉)ရက်နေ့က ပို့ချခဲ့ပြီးဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်သည် မင်္ဂလာဒုံအထူးကု ဆေးရုံအတွင်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့ပါသည်။

 

     သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး(စီမံ-ဘဏ္ဍာ) ဒေါက်တာဌေးလွင်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာမျိုးသန့်၊ မင်္ဂလာဒုံအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်၊ အထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာစံပါယ်ဖြူ၊ ကလေးအထူးကုသမားတော်ကြီး ဒေါက်တာအေးအေးခိုင်၊ အထူးကုသမားတော်ကြီး ဒေါက်တာကျော်စွာလင်း၊ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဇော် နှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။

More Tags