ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် (၂၀၁၉) ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၅) ရက်

     (၁၅-၈-၂၀၁၉) ရက်နေ့၊ နံနက် (၈) နာရီတွင် လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ (၂၀၁၉) ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်စန္ဒာအောင်က အဖွင့်အမှာစကား ပြောကြားရာ၌ မိခင်နို့တိုက်ကျွေးခြင်း ကြောင့်ရရှိသောအကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီးဒေါ်ဖြူဖြူနွဲ့က အာဟာရချို့တဲ့မှု ကြောင့် ဖြစ်ပေါ်သောရောဂါများ အကြောင်းရှင်းလင်းတင်ပြခဲ့ပါသည်။

 

     အဆိုပါလူထုပူးပေါင်းပါဝင်သော အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုများအခမ်းအနား၌ အာဟာရပြည့်ဝမျှတသော ဟင်းချက်ပြိုင်ပွဲများကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ သရုပ်ပြခြင်း၊ စံပြမိခင်များရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ (၆) လမှ (၂) နှစ်အထိကလေးများအား အဏုအာဟာရအမှုန့်ထုပ်များပေးဝေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးဝါးများ ပေးဝေခြင်း၊ နို့တိုက်မိခင်များအား ဗီတာမင်ဘီဝမ်းဆေးပြားများပေးဝေခြင်း၊ ဆေးတိုက်ခံအုပ်စုများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း၊ အာဟာရဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား အမှတ်တရပစ္စည်းပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ပရိတ်သတ်များအား ကျန်းမာရေးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အာဟာရဆိုင်ရာပြခန်းငယ်ဖွင့်လှစ်၍ အာဟာရဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများမေမြန်းခြင်းနှင့် အမှတ်တရ လက်ဆောင်များပေးအပ်ခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါလူထုလှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင်၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်စန္ဒာအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ (၅) နှစ်အောက်ကလေးများနှင့် မိဘများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအပါအဝင် စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

More Tags