ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတွင် “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)” မီဒီယာများအား အသိပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်

     (၈.၁၁.၂၀၁၉) ရက်နေ့၊ နေ့လည် (၃:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံတဝန်း (၂၀၁၉) ခုနှစ်၊ အသက် (၉) လမှ (၅) နှစ်ခွဲအရွယ်ရှိ အလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ရန်ကုန်တိုင်းဒေသကြီးတွင် နိုဝင်ဘာလ (၂၆) ရက်မှ (၂၈) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မီဒီယာများအား အသိပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

 

     ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က မီဒီယာများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ နှစ်စဉ် မွေးဖွားလျက် ရှိသော အသက် (၁)နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် အနေဖြင့် ရောဂါ (၁၁)မျိုးကို ကာကွယ် နိုင်စေရန် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း၊ ထို့အပြင် ကျန်းမာရေးပြဿနာအဖြစ် ရှိနေသေးတဲ့ Rota Virus ကြောင့်ဖြစ်တဲ့ ဝမ်းပျက်/ ဝမ်းလျောရောဂါ နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်သော ကာကွယ်ဆေး (၂) မျိုးကို ၂၀၂၀ ခုနှစ် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ထပ်မံထိုးနှံနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုလက်ရှိ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်တွင် ဝက်သက် နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို ကလေးငယ်များ၏ အသက် (၉) လအရွယ်တွင် တစ်ကြိမ်၊ အသက် (၁၈) လတွင် တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပေးပြီး ဝက်သက်ရောဂါဖြစ်ပွားမှုနဲ့ ဝက်သက်ရောဂါ၏ နောက်ဆက်တွဲ ပြင်းထန်ရောဂါများ ဖြစ်ပွားသေဆုံးမှုများ မရှိစေရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ဝက်သက်ကာကွယ်ဆေး၏ထူးခြားချက်မှာ ကလေး (၁၀၀) ထိုးပါက (၈၅) ဦးသာ ကာကွယ် နိုင်ပြီး ကျန် (၁၅) ဦးကိုကာကွယ်နိုင်ရန် ကလေးအသက် (၁၈) လတွင် ဒုတိယအကြိမ်ကို ထပ်မံထိုးနှံရန် လိုအပ်ပါကြောင်း၊ ထို့အတူ ဂျိုက်သိုးရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်ခြင်း မရှိသော်လည်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေဆုံးခြင်း၊ မွေးဖွားလာမည့် ကလေးငယ်များ မွေးရာပါနားမကြား ဆွံ့အခြင်း၊ နှလုံးရောဂါ၊ မျက်စိအတွင်းတိမ် ရောဂါနှင့် မျက်မမြင်ခြင်း၊ နားမကြား ရောဂါအစရှိသော ချို့ယွင်းချက်များဖြစ်ပေါ်ပြီး လူစဉ်မမီသောကလေးများ အဖြစ် မွေးဖွားလာနိုင်ခြင်း စသည့်ဆိုးကျိုးများရှိပါကြောင်း၊ နှစ်စဉ်ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကာကွယ်ဆေးမရရှိခဲ့သော ကလေးငယ်များ ကျန်ရှိပြီး စုပုံလာခြင်းကြောင့် (၃)နှစ်မှ (၄)နှစ်လျှင် တစ်ကြိမ် ဝက်သက်ရောဂါကပ်အသွင် ဖြစ်ပွားတတ်ကြောင်း၊ ထို့ကြောင့် (၂၀၁၆) ခုနှစ်မှ စတင်၍ ၃နှစ်ကြာအပြီး ယခု (၂၀၁၉) ခုနှစ်တွင် မိမိတို့ ရန်ကုန်တိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ကလေးငယ်များကို “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)” အစီအစဉ်ဖြင့် Campaign အသွင်ထပ်မံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အသက်(၉)လမှ အသက်(၅)နှစ် (၆)လ အထိ လျာထားကလေးများအား ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းကို (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်မှ(၂၈)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံပေးခြင်းအားဖြင့် မြန်မာနိုင်ငံရှိ ဝက်သက်ရောဂါကာကွယ်မှု မရှိသည့် အသက်အုပ်စု ကလေးများအား ဝက်သက်ရောဂါ ကာကွယ်မှုပေးနိုင်ခြင်း၊ ဝက်သက်ရောဂါကပ်အသွင်ဖြစ်ပွားမှုအား ကာကွယ်တားဆီးနိုင်ခြင်းနှင့် မွေးရာပါ ဂျိုက်သိုး ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း တို့ ရရှိမှာဖြစ်ပါကြောင်း၊ ယခု ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း၏ရည်ရွယ်ချက်မှာ အသက်(၅)နှစ်အောက်ကလေးများ သေဆုံး မှုလျော့နည်းကျဆင်းရေး နှင့် မြန်မာနိုင်ငံ၌ (၂၀၂၃)ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍၊ မွေးရာပါဂျိုက်သိုး ရောဂါ ကင်းစင်ပပျောက်ရေးရရှိစေရန်ရည်ရွယ်ပါကြောင်း၊ ရန်ကုန်တိုင်းအနေဖြင့် ရည်မှန်းကလေး မကျန်စေရန် “ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း (၂၀၁၉)” ကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုတက်ရောက်လာသော မီဒီယာများအနေဖြင့် ကလေးများအားလုံးထိုးနှံနိုင်ရေး မိဘပြည်သူများ သိရှိနိုင်စေရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် ပြောကြားခဲ့ပါသည်။

 

More Tags