ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် “ကာကွယ်ဆေးထိုး/တိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မိတ်ဖက် အဖွဲ့အစည်းများအား အသိပေးတင်ပြခြင်းအခမ်းအနား” ကျင်းပဆောင်ရွက်

ကျိုင်းတုံမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၀)ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်သည် GAVI HSS-2 အထောက်အပံ့ဖြင့် “ကာကွယ်ဆေးထိုး/တိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား အသိပေးတင်ပြခြင်း အခမ်းအနား” ကို (၁၀.၁.၂၀၂၀)ရက်နေ့ နံနက်(၉)နာရီတွင် ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။
     အဆိုပါအသိပေးအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုး/တိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မိတ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု လိုအပ် ကြောင်းကို ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်စွာထွန်းက အသိပေး တင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခဲ့ရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။


    ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် ကျိုင်းတုံခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းမှ ကာကွယ်ဆေးထိုး/တိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရေး ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့နေရသော အခက်အခဲများကို ပူးပေါင်းပါဝင် ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့ကြပါသည်။ အသိပေးအခမ်းအနားသို့ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် အကြံပေးပုဂ္ဂိုလ်များဖြစ်သော ဒေါက်တာသန်းထိန်ဝင်း(Unicef) နှင့် ဒေါက်တာ ခိုင်ခိုင်ကြည်(WHO)၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျိုင်းတုံခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် အစိုးရမဟုတ်သောမိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနား ကို နံနက် (၁၀)ခွဲတွင် ရုတ်သိမ်းခဲ့ပါသည်။

 
 

More Tags