ရှမ်းပြည်နယ်(တောင်ကြီး)၊ ဖယ်ခုံမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု၊ မိခင်နို့တိုက်ကျွေးမှုစံပြမိခင်ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ကြီး           သြဂုတ် (၃၁) ရက်

●     အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု၊ မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ဆုပေးပွဲအခမ်းအနားကို ရှမ်းပြည်နယ် (တောင်ကြီး)၊ ဖယ်ခုံမြို့တွင် သြဂုတ်လ (၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဖယ်ခုံမြို့၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

 

●     ၎င်းနောက် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ဆုရ မိခင်များအား ဆုချီးမြှင့်ခြင်းနှင့် (၅) နှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင် "အေ'' ဆေး တိုက်ကျွေးခြင်း၊ နို့တိုက်မိခင်များအား သံဓာတ်ဆေးပြား၊ ကြက်ဥနှင့် အိုင်အိုဒင်းဆားများ လက်ဆောင်ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

 

●     ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား တန်ဖိုးနည်း ဒေသထွက် အာဟာရပြည့်ဝမျှတသည့် အစားအစာချက်ပြုတ်သရုပ်ပြခြင်းကို ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တက်ရောက်သူဧည့်သည်တော်များက ကြည့်ရှုအားပေးပြီး အာဟာရပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

 

●     အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

 
 

More Tags