မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယုယုဝေနှင့် တိုင်းဒေသကြီး ရပကန (ငှက်ဖျား) ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေ ဦးဆောင်မှု ဖြင့် ချမ်းအေးသာစံမြို့နယ် မြို့နယ်ဆရာဝန်ကြီးနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများမှ ဝန်ထမ်းများ၊ ရပ်ကွက်နေ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် ပိုးလောက်လန်း ရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေး အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ထောင်များအား ဆေးစိမ်ပေးခြင်း၊ အသံချဲ့စက်၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါပိုးသယ်ဆောင်သော သက်ကြီးကောင် ခြင်သေစေနိုင်ရန်အတွက် ခြင်ဆေးမှိုင်းမှုတ်ခြင်း အစရှိသော ကာကွယ်နှိမ်နင်းရေးများကို ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags