မန္တလေးဗဟိုအကျဉ်းထောင်တွင် UNOPS၊ Access to Health Fund မှ အသစ်ဆောက်လုပ်လှူဒါန်းသည့် အမျိုးသား (၂) ထပ်ဆေးရုံဆောင်နှင့် အမျိုးသမီးဆေးခန်းများအား အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ကျင်းပ

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်

     မန္တလေးတိုင်းဒေသကြီး မန္တလေးဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသူအကျဉ်းသားများအတွက် UNOPS၊ Access to Health Fund ရန်ပုံငွေအဖွဲ့မှ အသစ်ဆောက်လုပ်လှူဒါန်းသည့် အမျိုးသား (၂) ထပ်ဆေးရုံဆောင်နှင့် အမျိုးသမီးဆေးခန်းများအား အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မန္တလေးဗဟိုအကျဉ်းထောင်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်၊ အကျဉ်းဦးစီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် UNOPS, UNODC, UNAIDS, WHO တို့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မန္တလေးဗဟိုအကျဉ်းထောင်မှ ဝန်ထမ်းမိသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

 

     ရှေးဦးစွာ အသစ်ဆောက်လုပ်လှူဒါန်းသည့် အမျိုးသား (၂) ထပ်ဆေးရုံဆောင်နှင့် အမျိုးသမီးဆေးခန်းများအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်းကို အမျိုးသား (၂)ထပ်ဆေးရုံဆောင် အသစ်ရှေ့တွင် ပြုလုပ်ရာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်၊ အလှူရှင်အဖွဲ့အစည်းများကိုယ်စား Department for International Development UK (DFID Myanmar) မှ Head of Department Mr. Rurik Marsden တို့က အဆောက်အဦးသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပါသည်။ ဆက်လက်ပြီး တာဝန်ရှိသူများနှင့် ဧည့်သည်တော်များသည် ကျန်းမာရေးအဆောက်အဦးသစ်များအား လှည့်လည်ကြည့်ရှုခဲ့ကြရာ ဆောက်လုပ်ရေးတွင် ဦးစီးခဲ့သည့် အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။

 

     ထို့နောက်တွင် အဆောက်အဦးများအား တရားဝင်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မန္တလေးဗဟိုအကျဉ်းထောင်ရှိ ခန်းမတွင်ပြုလုပ်ရာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး နှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်တို့က အသီးသီး အမှာစကားများပြောကြားခဲ့ကြြပီး၊ DFID Myanmar မှ Mr. Rurik Marsden က မြန်မာနိုင်ငံတွင် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် တိုးတက်ဖြစ်ပေါ်မှုများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများအကြား အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အဆောက်အဦးသစ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား UNOPS Infrastructure Unit မှ Infrastructure Manager Mr. Yoga Nanda Baral မှ လွှဲပြောင်းပေးအပ်ရာ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးချိုဝင်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ကို ပြန်လည် ပေးအပ်ခဲ့ပါသည်။ ထို့နောက်တွင် တာဝန်ရှိသူများနှင့် ဧည့်သည်တော်များအားလုံး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

 

     ယနေ့ဖွင့်လှစ်ခဲ့သည့် အဆောက်အဦးများသည် မန္တလေးဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသူအကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပိုမိုထိရောက်စေမည် ဖြစ်ရုံသာမက ကူးစက်ရောဂါများ မပြန့်ပွါးရေးအတွက်ထိန်းချုပ်ရာတွင်လည်း ပိုမို ထိရောက်မှုရှိစေမည်ဖြစ်ပါသည်။ ထို့ပြင် ဤဆေးရုံဆောင်သစ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မှ ဆေးယဉ်ပါးတီဘီ ရောဂါရှာဖွေရေးနှင့် ကုသရေးဌာနကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျဉ်းထောင် အသီးသီးမှ ဆေးယဉ်ပါးတီဘီသံသယလူနာများအား ရောဂါရှာဖွေ ဖော်ထုတ်ပေးခြင်းနှင့် ကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရှိရပါသည်။

More Tags