မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ် ကျောင်းကျန်းမာရေး ပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

မိုးကုတ်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်

     မိုးကုတ်မြို့၊ အောင်နန်းရပ် အထက (၁) အခြေခံပညာအထက်တန်းကျောင်း မြသီတာခန်းမ၌ (၁၄ .၈ .၂၀၁၉) ရက်နေ့တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုတ်ရှားမှု (၁၂ - ၁၆/၈/၂၀၁၉) အခမ်း အနားကို မိုးကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်မှ နိုင်ငံသားကောင်း လူငယ်လူရွယ်များအနေဖြင့် ဉာဏပိုင်းတွင်သာမက ကာယပိုင်းလည်း ထူးချွန်ဖို့လိုအပ်သကဲ့သို့ ကျန်းမာရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ဘက်စုံထူးချွန် နေဖို့လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ကျောင်းသားလူငယ် ဖွံ့ဖြိုးတိုးတက်မှုတွင် ကျောင်းများသည် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပြီး ပညာရေး နည်းတူ ကျန်းမာခြင်းသည်လည်း လာဘ်ကြီးတစ်ပါး ဖြစ်သဖြင့် အလွန်အရေးပါကြောင်း၊ ရာသီဥတုနှင့်အညီ လိုက်လျောညီညွတ်စွာ နေထိုင်ဖို့လိုသလို အားကစားမှာလည်း ထူးချွန်အောင် ဆောင်ရွက်စေ လိုကြောင်း၊ သို့မှသာ နိုင်ငံတော်နှင့် မိမိမြို့ရွာအတွက် ဘက်စုံထူးချွန် ကျောင်းသားကျောင်းသူများ ပေါ်ထွက်လာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်လှ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းသန့်ခိုင်၊ မြို့နယ် အားကစားအရာရှိ ဦးဝင်းနိုင်တို့မှ ကျောင်းသားလူငယ်များ ကျန်းမာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် သိရှိလိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသီးသီး ရှင်းလင်း ဟောပြောခဲ့ကြပါသည်။ ထို့နောက် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အထိမ်းအမှတ် အဖြစ်ကျင်းပခဲ့သည့် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ကဗျာ၊ စာစီစာကုံး၊ ကာတွန်း၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာနှင့် တာဝန်ရှိသူ များမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားသို့ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၀င်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ‌တစ်မြို့နယ်လုံးမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

     ဒုတိယပိုင်း အစီစဉ်အဖြစ် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ Dr. ထွန်းလင်းကျော်မှ "ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ"၊ လက်ထောက်ကျန်းမာရေးမှူး ဦးစိုးကိုကိုလွင်မှ "ရာသီတုပ်ကွေးရောဂါ" အကြောင်းဟောပြောခြင်း၊ မိခင်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမများမှ လက်ဆေးနည်းနှင့် ချောင်းဆိုးကျင့်၀တ် သရုပ်ပြခြင်းများအပြင် ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် သန်ချဆေးတိုက်ကျွေးခြင်းနှင့် ပျိုရွယ်သူများအား သံဓာတ်အားဆေးများတိုက်ကျွေးခဲ့ပါသည်။

 

More Tags