မတ္တရာမြို့နယ် ၊ တောင်ပြုံးကျေးရွာ၌ ကျန်းမာရေး အသိပညာပေးပြခန်း ဖွင့်လှစ်

မတ္တရာ၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်

     မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ (မန္တလေး) သည် မတ္တရာမြို့နယ် ၊ တောင်ပြုံးကျေးရွာ၌ သြဂုတ်လ (၈) ရက်မှ (၁၅) ရက်အတွင်း တစ်ပတ်တာကျင်းပသော တောင်ပြုံးပွဲတော်အတွင်း လာရောက်ကြသော အမျိုးသားချင်း လိင်တူဆက်ဆံသူများအကြား HIV နှင့် ကာလသားရောဂါ ပညာပေးလုပ်ငန်းများနှင့် သွေးစစ်ဆေး ကုသပေးခြင်းဆိုင်ရာ လုပ်ငန်းများအား ကျန်းမာရေး အသိပညာပေးပြခန်းနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

     (၈-၈-၂၁၀၉) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးအသိပညာပေးပြခန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး၊ မတ္တရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ မိတ်ဖက်အဖွဲ့အစည်းများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပွဲတော်လာ ပြည်သူလူထုများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး၊ မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး (ခုခံကျ/ကာလသား) နှင့် Unicef Myanmar (မန္တလေး)ရုံးခွဲမှ HIV Officer တို့မှ ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ ပါသည်။

 

     ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ (မန္တလေး)သည် နှစ်စဉ် သြဂုတ်လအတွင်းကျင်းပသော တောင်ပြုံးပွဲ၌ ပြခန်းဖွင့်လှစ်၍ ပွဲတော်အတွင်း လာရောက်ကြသော အနယ်နယ် အရပ်ရပ်မှ အမျိုးသားခြင်း လိင်တူဆက်ဆံသူများ (Men Sex with men) များနှင့် လူငယ်လူရွယ်များအကြား အသိပညာပေးခြင်း ၊ HIV နှင့် ကာလသားရောဂါ (အခမဲ့) စစ်ဆေးပေးခြင်း၊ လိုအပ်ပါက ဆက်လက်ကုသမှု ယူရန် လွှဲပြောင်းပေးခြင်းလုပ်ငန်းများ၊ ကွန်ဒုံးနှင့် ဂျယ် ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

     ယခုနှစ်တွင်လည်း ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်၍ ပွဲတော်(၇) ရက်အတွင်း တာဝန်ကျဆရာဝန်၊ ဓါတ်ခွဲမှူး၊ Counselor၊ Peer educator၊ Peer Counselor များဖြင့် နေ့စဉ် ပြခန်းသို့ ရောက်ကြသူများအား ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ ကွန်ဒုံးနှင့် ဂျယ်များ ဖြန့်ဝေခြင်းအပြင် နတ်နန်းများသို့ Outreach အနေဖြင့် သွားရောက်၍ အထက်ဖော်ပြပါ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။

More Tags