မကွေးမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့ မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနား ကျင်းပ

မကွေး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်

     မကွေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ၂၀၁၉ ခုနှစ် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှာမှုအခမ်းအနားကို (၁၄.၈.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် မိခင်နှင့်ကလေးသားဖွားခန်း၊ ကန်သာရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မကွေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်လှဌေး က အဖွင့်အမှာစကား ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်နှင့်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါက်တာဥမ္မာအေး က အာဟာရ၏ အရေးပါပုံ၊ ဘဝရှေ့ဆောင် ရက် (၁၀၀၀) အကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရ ပြည့်ဝမျှတစွာ စားသုံးခြင်း၏ အရေးကြီးပုံ၊ ကလေးအသက် (၆) လထိ မိခင်နို့တိုက်ကျွေးရေးတို့ အကြောင်းကို ပညာပေးဟောပြောခဲ့သည်။

 

     ထို့နောက် နို့တိုက်မိခင်များအတွက် စားသုံးရမည့်အာဟာရ နမူနာများကို ပြသထားပြီး၊ မိခင်နို့တိုက်ကျွေးရေး စံပြမိခင်ပြိုင်ပွဲမှဆုရရှိသော မိခင်များအား လက်ဆောင်များပေးအပ်ခြင်း၊ နို့တိုက်မိခင်များအား နေ့လယ်စာဖြင့် ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြပြီး အိုင်အိုဒင်းဆားများ၊ ဆပ်ပြာမှုန့်ထုပ်များ ဝေငှပေးခဲ့သည်။

More Tags