မကွေးမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှု ဆရာဖြစ်သင်တန်း (ပထမအသုတ်) ကျင်းပ

မကွေး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးဌာနခွဲ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Fred hollow Foundation တို့ပူးပေါင်း၍ ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှု ဆရာဖြစ်သင်တန်းကို (၉.၇.၂၀၁၉) ရက်နေ့မှ (၁၀.၇.၂၀၁၉) ရက်နေ့ထိ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ပါသည်။

 

 

     ယနေ့ကျင်းပသော သင်တန်းသည် အမျိုးသားမျက်စိကျန်းမာရေးစီမံကိန်း (၂၀၁၇−၂၀၂၁)နှင့် အညီ မကွေးတိုင်းဒေသကြီးအတွင်း ပြီးပြည့်စုံသော ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နိုင်ရန်အတွက် မကွေးခရိုင်နှင့် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ် (၁၁) မြို့နယ်မှ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး မှူးများ၊ မြို့နယ်သူနာပြု ဆရာမကြီးများကို တစ်မြို့နယ်လျှင် (၃) ဦးစီကို ဆရာဖြစ်သင်တန်း (ပထမအသုတ်) ပေးအပ်ခဲ့ပါသည်။ ကျန်ရှိသည့် မင်းဘူးခရိုင်၊ သရက်ခရိုင်နှင့် ဂန့်ဂေါခရိုင်ရှိ မြို့နယ်များမှဝန်ထမ်းများကိုလည်း ဆရာဖြစ်သင်တန်းများ ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။ သက်ဆိုင်ရာ မြို့နယ်များရှိ အခြေခံကျန်းမာရေး ဝန်ထမ်းများအားလုံးကို ပဏာမမျက်စိ ကျန်းမာရေးစောင့်ရှောက်မှု ဆင့်ပွားသင်တန်းများကို ဆက်လက်သင်ကြားသွားမည်ဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ပြီးပြည့်စုံသော ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ခြင်းဖြင့် ရှောင်လွှဲ၍ရသော မျက်မမြင်လူနာများ ပပျောက်ရန် ရည်ရွယ်ပါသည်။

 

     ယနေ့ကျင်းပသောသင်တန်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားပြီး မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးဌာနခွဲမှ စီမံချက်မန်နေဂျာက သင်တန်းဆရာအဖြစ် ဆောင်ရွက်ပြီး မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

More Tags