မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုဆောင်ရွက်

မင်းလှ၊ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၃) ရက်

     မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းလှမြို့နယ်၊ ရုံးတောင်ရပ်၊ အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းတွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်(အာဟာရ) ဦးဆောင်သော အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

     အခမ်းအနားတွင် မင်းလှမြို့နယ် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ စန်းစန်းမိုးက အဖွင့်အမှာစကားပြောကြားပြီး အာဟာရ၏ အရေးပါပုံ၊ အစာအုပ်စု (၃) အုပ်စု၊ အာဟာရဓါတ် (၆) မျိုး၏ အရေးကြီးပုံ၊ ကျန်းမာရေးမှူးအဆင့် (၁) ဆရာမှ H1N1 အကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးမှ အာဟာရနှင့် သွေးလွန်တုပ်ကွေးအကြောင်း ပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မူလတန်း ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်များ ချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။

 

     အဆိုပါ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုပညာပေးခြင်း အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရုံးတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အပါအဝင် (၁၇၀) ဦးခန့် တက်ရောက်ခဲ့သည်။

 

More Tags