မကွေး၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၉)ရက်
မကွေးတိုင်းဒေသကြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၉.၈.၂၀၁၉)ရက်နေ့၊ နံနက် (၉:၀၀)နာရီ တွင် ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဘက်စုံအာဟာရပြည့်ဝမှုသည် ပြည်သူများ၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် သာမက ဉာဏ်စွမ်းအား ပြည့်ဝမြင့်မားရေးအတွက် များစွာအရေးကြီးပါကြောင်း၊ အာဟာရမပြည့်ဝပါက ပုညှက်ခြင်း၊ ပိန်လှီခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ ကိုယ်ခံအားနည်းပါးကာ ရောဂါများပြားထူပြောခြင်း စသည့် ကျန်းမာရေးပြဿနာများ ခံစားရနိုင်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် အာဟာရချို့တဲ့ခြင်းနှင့် သွေးအားနည်းခြင်းကြောင့် မိခင်ကိုသာမက မွေးဖွားလာမည့် ကလေးငယ်အတွက်ပါ အန္တရာယ်ရှိပါ ကြောင်း၊ အာဟာရဖြစ်စေသော အစားအစာများ၊ အာဟာရဆိုင်ရာ ကျန်းမာရေးအသိပညာဗဟုသုတများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ အရွယ်ကတည်းက သိရှိစေရေး အသိပညာဗဟုသုတများ ပေးအပ်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ယနေ့ကျင်းပသည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုသည် ဖွင့်ပွဲကျင်းပသည့် ခန်းမအတွင်းတွင် ကျင်းပ သွားမည်မဟုတ်ဘဲ ပြည်သူလူထုအတွင်း လှုပ်ရှားမှုများကို တိုင်းအဆင့်၊ မြို့နယ်အဆင့်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုရေး ဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒု-ဉက္ကဌ၊ ဆေးတက္ကသိုလ်မကွေး ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ် ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ဖြည့်စွက်အားဆေးများ ပေးအပ်ခဲ့သည်။