မော်လမြိုင်မြို့တွင် (၂၀၁၉) ခုနှစ် ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့

     (၂၀၁၉) ခုနှစ် ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ ပြည်ထောင်စုဝန်ကြီး၏သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။

 

     ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော သူနာပြုသင်တန်းသူများနှင့် အထက်တန်း၊အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ခြင်း၊ ကျန်းမာရေးပြခန်းငယ်များ ခင်းကျင်းပြသခြင်း၊ အိပ်ချ်အိုင်ဗွီပိုး ရှိ/မရှိအခမဲ့စစ်ဆေးပေးခြင်း၊ ဉာဏ်စမ်းပဟေဠိ မေးခွန်းများဖြေဆိုခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူများက တက်ကြွစွာပါဝင်ခဲ့ကြပါသည်။

 

     အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများမှတာဝန်ရှိသူများ၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်ဝန်ထမ်းများ၊ INGO/NGOများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာအထက်တန်းကျောင်းမှဆရာ/ဆရာမများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ သင်တန်းသား/သူများ၊ သတင်းမီဒီယာများ စုစုပေါင်း (၆၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags