မုံရွာမြို့၊ အထက (၂) တွင် တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု စံပြကျောင်းနှင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာမြို့၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု စံပြကျောင်းနှင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် အထက (၂) မုံရွာမြို့၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ပထမဉီးစွာ စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူး၊ ဒေါက်တာဝင်းလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် "National Seminar on Strengthening Health Promoting School" "ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေးအမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ" ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သော ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်(၇)ရပ်ဖြစ်သည့် မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် ကွမ်းယာစားသုံးမှု ကင်းစင်ပပျောက်ရေး၊ အရက် ဘီယာ အလွန်အကျွံသောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များလျော့ချရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ အသိပညာဗဟုသုတများထည့်သွင်း သင်ကြားပေးနိုင်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေး လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာညီညီလွင်မှ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ခြင်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းကျန်းမာရေးအတွက် စွမ်းဆောင်ရည် ကောင်းမွန်သောကျောင်းများကို စံပြကျောင်း ရွေးချယ်ရေး ဆန်းစစ်ပုံစံကို အသုံးပြု၍ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ကာ “ကျန်းမာရေးထူးချွန်ကျောင်း” အဖြစ် အသိအမှတ်ပြုချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အထက်တန်းအဆင့် နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိခဲ့သော ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆု ချီးမြှင့်ခြင်းများ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ ဆုရစာစီစာကုံးများ၊ ကာတွန်းများ၊ ကဗျာများနှင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆုရကျောင်းသူကျောင်းသားများနှင့် အထက (၂) မုံရွာမှ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

More Tags