မြန်မာနိုင်ငံအတက်ရောဂါစီမံချက် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ရန်ကုန်မြို့                      ဇန်နဝါရီလ (၂၁)ရက်


     (၂၁.၁.၂၀၁၉)ရက်နေ့၊ နံနက်(၈:၃၀)နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သင်တန်းခန်းမ၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်နှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)၊ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းတို့က အဖွင့်အမှာစကား များ ပြောကြားခဲ့ကြပါသည်။

 

      ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာပြည်ရုံးခွဲမှ National Professional Officer ဒေါက်တာမျိုးပိုင်နှင့် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်မှ Project Manager ပါမောက္ခ ဒေါက်တာစမ်းဦးတို့က မြန်မာနိုင်ငံအတက်ရောဂါစီမံချက်မှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့် (၂၀၁၈)ခုနှစ်အထိ လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော စီမံချက်ဝင်မြို့နယ်(၂၀)မှ တာဝန်ရှိသူများက စီမံချက်ကာလ အတွေ့အကြုံများ၊ အခက်အခဲများ၊ ဖြေရှင်းခဲ့ပုံများကို ဆွေးနွေးတင်ပြကြပြီး ရှေ့ဆက်လုပ်ဆောင်မည့် မြို့နယ်များတွင် ပိုမိုအဆင်ပြေ ကောင်းမွန်စေရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။

 

      ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လှည်းကူး၊ မှော်ဘီ၊ ကော့မှူးနှင့် သန်လျင်မြို့နယ်များတွင် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်၏ အကူအညီဖြင့် အတက်ရောဂါသည် ကလေးငယ်များအား ကျေးလက်ကျန်းမာရေးဌာနများတွင် အခမဲ့ဆေးကုသပေးလျက်ရှိပြီး၊ လက်ရှိအချိန်တွင် မွန်ပြည်နယ်၌ မြို့နယ်လုံးကျွတ် စီမံချက်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း ကရင်ပြည်နယ်၊ကယားပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် (၂၀၂၀)ခုနှစ်အမီ စီမံချက်ဝင်ရောက်၍  စီစဉ်ထားကြောင်း သတင်းရရှိပါသည်။

 
 

More Tags