မွန်ပြည်နယ်အတွင်းရှိ “အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု”

မော်လမြိုင်၊ နိုဝင်ဘာ (၂၆)ရက်

     ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ခြင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goal) တစ်ခုဖြစ်သည်နှင့်အညီ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို တစ်ကမ္ဘာလုံး၌ ပြုလုပ်ကျင်းပနေကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ၄င်းလှုပ်ရှားမှုအဖြစ် (၂၆-၁၀-၂၀၁၈) ရက်နေ့ နံနက်(၉)နာရီတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် FXBအဖွဲ့တို့ ပူးပေါင်းပြီး “Dissemination of Guideline on Health Care Response for Gender Based Violence (GBV) Survivors” အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး၌ ပြုလုပ်ကျင်းပခဲ့သည်။

 

     သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဦးစီးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်မှ Guidelineအကြောင်း မိတ်ဆက်ဆွေးနွေးပြောကြားခဲ့သည်။ Guideline တွင် ကျားမအခြေပြုအကြမ်းဖက်ခံရသူများအား ပြီးပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန်ပါရှိပြီး Guideline နှင့်ပတ်သက်သော အကြောင်းအရာများကို (၃)ရက်တာ သင်တန်းပို့ချ ပေးမည်ဖြစ်သည်။

 

 

     သင်တန်း၏ရည်ရွယ်ချက်မှာ မွန်ပြည်နယ်အတွင်းရှိ ကျားမအခြေပြုအကြမ်းဖက်မှု ခံစားနေရ သူများကို ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရန်၊ ကျားမအခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုနားလည်သဘောပေါက်စေရန်၊ အခြားလိုအပ်သည့် အကူအညီများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ညွှန်းပို့နိုင်ရန် ဖြစ်ပါသည်။

More Tags