မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး၊ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးလုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

နေပြည်တော်၊ ဒီဇင်ဘာ (၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ Workshop on Reviewing Reproductive, Maternal, Newborn, Child and Adolescent Health (RMNCAH) Programme ၏ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် Park Royal Hotel ၌ (၅-၁၂-၂၀၁၈) ရက်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ မိခင်၊ကလေး၊ ကျောင်းကျန်းမာ၊အာဟာရ လုပ်ငန်းဆောင်ရွက်နေသော တာဝန်ရှိသူများ၊ နှီးနွယ်ဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။

 

     ဆက်လက်၍ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ ၊ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲ နှင့် ကျောင်း ကျန်းမာရေးနှင့်ဆယ်ကျော်သက်လူငယ်ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးများက လက်ရှိရေးဆွဲဆောင်ရွက် နေသော မဟာဗျူဟာစီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ အုပ်စုဖွဲ့ ဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ၂၀၁၉ ခုနှစ်မှစ၍ ရေးဆွဲမည့် မိခင်နှင့်မျိုးဆက်ပွား၊ မွေးကင်းစကလေးနှင့် ကလေး၊ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် ယခင်ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် မဟာဗျူဟာစီမံကိန်းကာလအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်အသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မိခင်နှင့်မျိုးဆက်ပွား၊ မွေးကင်းစကလေးနှင့် ကလေး၊ ဆယ်ကျော်သက် လူငယ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ ပြန်လည်သုံးသပ်သည့် အစည်းအဝေးဖြစ်ပါသည်။ ၄င်းအလုပ်ရုံဆွေးနွေးပွဲအား (၅-၁၂-၂၀၁၈)မှ (၈-၁၂-၂၀၁၈)အထိ (၄)ရက်တာ ကျင်းပသွားမည်ဖြစ်ပါသည်။

 
 
 

More Tags