မဲခေါင်ဒေသတွင်းနိုင်ငံများ၏ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၁၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ADB တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် GMS Health Security Project ၏ 2nd Year Annual Operation Plan အရ မဲခေါင် ဒေသတွင်းနိုင်ငံများ၏ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှု ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Summit Parkview Hotel ၌ကျင်းပခဲ့ရာ မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို PDR၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


 

     ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးဌေးတင် က ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (Hospital – Acquired Infections) ၏ အန္တရာယ်မှာ ဆေးကုသမှုများအတွက် အဖြစ်များသောအန္တရာယ်ဖြစ်သဖြင့် အားလုံးပူးပေါင်းကာကွယ်နှိမ်နင်းရန် လိုအပ်ပါကြောင်း၊ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သောရောဂါများအပြင် ကူးစက်မြန်ရောဂါများကို ကာကွယ်နှိမ်နင်းရန်အတွက် ဖြစ်ပွားနေသည့် အခြေအနေနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိရန်လိုအပ်သဖြင့် အဆိုပါရောဂါများအား စောင့်ကြပ်ကြည့်ရှုကာကွယ်နှိမ်နင်းခြင်း (Surveillance) လုပ်ငန်းမှာ အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံများ အကြား အခြေခံစွမ်းအားစုအရင်းအမြစ်များ မတူညီသဖြင့် Global Action Plan ရေးဆွဲရာတွင် အခက်အခဲများရှိရာ ကူးစက်ရောဂါများအတွက် ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုမှာ အရေးကြီးပါသဖြင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့် စီမံချက်ကိုရေးဆွဲနိုင်ရန် လိုအပ်ပါကြောင်း၊ မဲခေါင်ဒေသတွင်း နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် GMS Health Security Project မှာကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေး (Infection Prevention and Control) နှင့် ဓာတ်ခွဲခန်းများ၏ အရည်အသွေး မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် (Infection Prevention and Control) လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ ပြည့်မီအောင် ဝိုင်းဝန်ဆွေးနွေးပြီး ညီညွတ်မျှတသောပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရေးဆွဲနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးတင်ပြခြင်း၊ Surveillance of Hospital - Acquired Infections အတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရေးဆွဲပြုစုခြင်းတို့ကို ဆောင်ရွက်ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ JICA၊ Sing Health အဖွဲ့အစည်းများမှ လုပ်ငန်း ဆောင်ရွက်မှုများ ရှင်းလင်းပြောကြားကာ သီရိလင်္ကာနိုင်ငံမှာ ကျွမ်းကျင်သူအပါအဝင် ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက Surveillance of Hospital - Acquired Infections အတွက် အခြေခံအချက်အလက်များ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။


     အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သောရောဂါများအား စောင့်ကြပ်ကြည့်ရှုကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ အဓိကအခက်အခဲများ၊ လက်ရှိ ဆောင်ရွက် နိုင်သည့် စွမ်းအားအရင်းအမြစ်များကို ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်းများ သတ်မှတ်နိုင်ရန်နှင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ညီညွတ်မျှတသော လုပ်ငန်းစဉ်ပြုစုရေးဆွဲနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ကုသရေး ဌာနခွဲမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများ၊ GMS Health Security Project စီမံကိန်းဝင်မြို့နယ်များရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် ဆေးရုံအုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စံပြမြို့နယ်ဆေးရုံနှင့် စံပြတိုက်နယ် ဆေးရုံ (၁၀) ရုံမှ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ GMS Health Security Project မှ Project Management Unit အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအား ဇူလိုင်လ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့အထိ (၂) ရက်တာ ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။

More Tags