ဘားအံမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကြေညာခြင်း အခမ်းအနားကျင်းပ

ဘားအံမြို့၊ ဇွန်လ (၁၈) ရက်

     ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဘားအံတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကြေငြာခြင်းအခမ်းအနားအား ၁၈.၆.၂၀၁၉ ရက်နေ့တွင် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ နှုတ်ခွန်းဆက်စကား ပြောကြား၍ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးမှ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လက်ထောက်ညွှန်ကြားရေးမှူး (မကူးစက်) မှ Tobacco and Health Risk အကြောင်းကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြည်နယ်ဥပဒေချုပ်မှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်မှ ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကြေငြာခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက္ကသိုလ်အဆင့် စာစီစာကုံးဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် ဆေးလိပ် ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် မျိုးဆက်ဖွား ကျန်းမာရေးပညာပေး ပြပွဲသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

More Tags