ဗဟိုအဆင့် ကမ္ဘာ့လက်ဆေးနေ့ ဖွင့်ပွဲအခမ်းအနား (Global Handwashing Day) ကျင်းပ

မကွေး               အောက်တိုဘာ (၁၅) ရက်

      ဗဟိုအဆင့် ကမ္ဘာ့လက်ဆေးနေ့ ဖွင့်ပွဲအခမ်းအနား (Global Handwashing Day) ကို (၁၅.၁၀.၂၀၁၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသူ/ နိုင်ငံသားအားလုံး၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးသည် အလွန်ပင် အခြေခံကျပါကြောင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို ကျေးလက်ဒေသအောက်ခြေထိ ပြည်သူလူထုအတွင်း စိမ့်ဝင်ရောက်ရှိစေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာမြင့်မားလာပြီး မှန်ကန်သော ကျန်းမာရေးအလေ့အကျင့်များ လက်တွေ့ကျင့်သုံးလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် နှစ်စဉ်ကျန်းမာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များတွင်လည်း နှီးနွယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အခမ်းအနားများကျင်းပလေ့ရှိပါသည်။ နှစ်စဉ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လက်ဆေးနေ့ (Global Handwashing Day) ၏ ယခုနှစ်အတွက် ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးတွင် လာရောက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့လက်ဆေးနေ့ ဆောင်ပုဒ်ဖြစ်သော “Clean Hands - a recipe for Health” မြန်မာဘာသာဖြင့် “သန့်ရှင်းသောလက်၊ ကျန်းမာရေးအတွက် ဆေးတစ်ခွက်” ဆောင်ပုဒ်အရ ဆပ်ပြာဖြင့် စနစ်တကျ လက်ဆေးခြင်းသည် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် အထိရောက်ဆုံးနှင့် ဆောင်ရွက်ရန်လွယ်ကူသော နည်းလမ်းကောင်းဖြစ်ကြောင်းကို ပြည်သူလူထုအတွင်း သိရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အခမ်းအနားအပြီးတွင်လည်း လက်ဆေးခြင်း၊ ပညာပေးခြင်း လုပ်ငန်းများကို ဆက်လက်၍ လှုပ်ရှားမှုအသွင်ဖြင့် ကျေးရွာများနှင့် စျေးများတွင်ဆောင်ရွက် သွားကြမှာဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွင်းလက်ဆေးခြင်း အလေ့အထများ ကျင့်သုံးလာစေရန် အားလုံး ဝိုင်ဝန်းဆောင်ရွက်ကြပါရန်” မှာကြားခဲ့ပါသည်။


 

     ယင်းနောက် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက လက်ဆေးခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး စနစ်တကျလက်ဆေးခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရေရှည်အတွက် ကျန်းမာရေးအကျိုးအမြတ် ရရှိနိုင်မှာဖြစ်ပါကြောင်း၊ စနစ်တကျလက်ဆေးသည့်အလေ့အထကို ထိန်းသိမ်းနိုင်ရန် ပံ့ပိုးမည့်ပတ်ဝန်းကျင် (enabling environment) ဖြစ်သော ရေ၊ ဆပ်ပြာနှင့် လက်ဆေးသည့်နေရာများ လိုအပ်ပါကြောင်း၊ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်လည်း ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ UNICEF အဖွဲ့မှ Deputy Representative Mr.Paul Edwards က အမှာစကားပြောကြားရာတွင် UNICEF အဖွဲ့သည်ရေနှင့် သန့်ရှင်းမှုဆိုင်ရာလုပ်ငန်းများတွင် ရေရှည်ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ မိသားစုတိုင်းတွင် လက်ဆေးခြင်းအလေ့အထ ဖြစ်ပေါ်လာစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဖွင့်ပွဲအခမ်းအနားပြီးတွင် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသော ကမ္ဘာ့လက်ဆေးပွဲတော်နေ့ အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

     အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ UNICEF, NGO, INGO, CSO တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၃၀) ဦး ကျော် တက်ရောက်ခဲ့ပါသည်။


 

 

More Tags