ပြင်ဦးလွင်မြို့နယ်ရှိ ကျောင်းများသို့ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်း ထိရောက်မှု ပြန်လည်ဆန်းစစ်ခြင်း ဆောင်ရွက်

မန္တလေး၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၁) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အထက(၁)၊ အလက-ဒိုးကွင်၊ အလက(ခွဲ)-မြေပုံ၊ မူလွန်-နောင်ခမ်းကြီး၊ အမက-ကြီးတိုင်၊ အမက-သံသတ္တုနှင့် အမက-နှမ်းကင်ကျောင်းများသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နှင့် ဗဟိုရပကန(ငှက်ဖျား)၏ လမ်းညွှန်မှုခံယူလျှက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အခြေခံကျန်းမာရေးဝန်ထမ်းများ၊  သက်ဆိုင်ရာ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နေ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ စက်တင်ဘာလ (၉) ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

 

     ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ ဆင်ခြေထောက် ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း (၇) ကြိမ်ပြီးမြောက်ပြီးနောက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင်  TRANSMISSION ASSESSMENT SURVEY-1  ဆောင်ရွက်အောင်မြင်ခဲ့သဖြင့် ဆေးတိုက်ကျွေးမှု ရပ်တန့်ထားခဲ့ပါသည်။ သို့အတွက်ကြောင့် ပြင်ဦးလွင်ခရိုင်အတွင်း လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း၏ ထိရောက်မှု ပြန်လည်ဆန်းစစ်ရန်နှင့် ၂၀၁၉ခုနှစ်အတွက် ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်မှု ရှိ၊ မရှိ သိရှိစေရန်အတွက် ဖြစ်ပါသည်။

 

     ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါကျောင်း (၇) ကျောင်းမှ Grade 1 နှင့် Grade-2 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈၃) ဦးကို ဆင်ခြေထောက်ရောဂါပိုး ကူးစက်ခံထားရမှု ရှိ၊ မရှိ သွေးဖောက် စစ်ဆေးခဲ့ပါသည်။ သွေးဖောက်စစ်ဆေးရာတွင် FTS(Filaria Test Strip) ကို အသုံးပြု စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆင်ခြေထောက်ရောဂါပိုး ကူးစက်ခံရမှု လုံးဝမရှိသည်ကို တွေ့ရှိရပါသည်။ အဆိုပါ စစ်ဆေး အဖြေများရ ၂၀၁၉ ခုနှစ်အတွက် ပြင်ဦးလွင်ခရိုင်အတွင်း ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း ဆက်လက်ဖြတ်တောက်နိုင်ရန်အတွက်  အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။

More Tags