ပဲခူးတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ကျင်းပ

ပဲခူး၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၉) ရက်

     ပဲခူးတိုင်းဒေသကြီး ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး-ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမတွင် (၉-၈-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀) နာရီတွင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး-ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး-ရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။

     လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အာဟာရဖွံ့ဖြိုးရေးဌာနသည် ပရိုတင်း အင်အားချို့တဲ့မှုကာကွယ်ရေး၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကာကွယ်ရေး၊ ဗီတာမင်အေချိုတဲ့ရောဂါပပျောက်ရေး၊ အိုင်အိုဒင်းချို့တဲ့ရောဂါ ပပျောက်ရေး၊ ဗီတာမင်ဘီဝမ်းချိုတဲ့ရောဂါ ကာကွယ်ရေးစသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံချက်များချမှတ်ပြီး တစ်နှစ်ပတ်လုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုစိတ်ဝင်စား၍ အာဟာရပြည့်ဝစွာ စားသုံးတတ်စေရန်၊ အာဟာရအသိပညာကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်စေရန် ရည်မှန်းလျက် နှစ်စဉ် သြဂုတ်လ တစ်လလုံးကို အာဟာရဖွံ့ဖြိုးရေး-ရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊

 

     အာဟာရချို့တဲ့ခြင်းကိုဖြစ်စေသော အကြောင်းရင်းခံများစွာကို ကျန်းမာရေးကဏ္ဍတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ချဉ်းကပ်ကိုင်တွယ် ဖြေရှင်းမှသာ အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ကြောင်း၊ (၂၀၁၉)ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် များအတွက် Theme အဖြစ် “Invest in Nutrition: Join hands in building the Nation”နှင့် မြန်မာဘာသာဖြင့် “အာဟာရတွင် မြှုပ်နှံကာ လက်တွဲတူညီဆောင်ရွက်ပါ၊ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှာ” ဟူ၍ ရွေးချယ်သတ်မှတ်ထားကြောင်း၊ (၂၀၁၉)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသောဆောင်ပုဒ်မှာ “Empower parents, enable breastfeeding: Now and for the future” မြန်မာဘာသာဖြင့် “မိခင်နို့ချိုတိုက်ဖို့ရာ မိဘတိုင်းက အရေးပါ၊ အနာဂတ်အတွက် ယနေ့စပါ။” ဟူ၍ဖြစ်ကြောင်း စသဖြင့် ပြောကြားသွားပါသည်။

     ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ပြောကြားရာတွင် (၂၀၁၉)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး-ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး-ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်မှန်းချက်များမှာ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပုံကို မူဝါဒချမှတ်သူ နိုင်ငံ့ ခေါင်းဆောင်များနှင့် ပြည်သူလူထုကို အသိပေးတင်ပြနိုင်ရန်၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ ပြည်သူလူထုအတွင်း အာဟာရဆိုင်ရာအသိပညာများ တိုးတက်လာစေပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူထုပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် တို့ဖြစ်ကြောင်း၊

 

     သွေးအားနည်းရောဂါသည် မြန်မာနိုင်ငံ၏ အဓိက အာဟာရပြဿနာတစ်ရပ်ဖြစ်ပြီး၊ (၂၀၁၇-၂၀၁၈) ခုနှစ် မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်းအရ ပဲခူးတိုင်းဒေသကြီးရှိ အသက်ငါးနှစ်အောက်ကလေးများ၏ ၃၂.၄%၊ အသက်(၅)နှစ်မှ(၁၀)နှစ် အောက်ကလေးများ၏ ၆၀.၅%၊ အသက်(၁၀)နှစ်မှ(၁၅)နှစ် အောက်အပျိုဖော်ဝင် အရွယ် မိန်းကလေးများ၏ ၂၆.၁%၊ ကိုယ်ဝန်ဆောင်မိခင်များ၏ ၃၃.၅%၊ နို့တိုက်မိခင်များ၏ ၄၅.၈%နှင့် အသက် (၁၅) နှစ်မှ (၅၀) နှစ်အောက်အမျိုးသမီးများ၏ ၂၃.၀% သည် သွေးအားနည်းရောဂါ ခံစားနေကြရကြောင်း၊ ပဲခူးတိုင်းဒေသကြီး၌ အိမ်ထောင်စုများ၏ (၇၇.၆%) သည် အိုင်အိုဒင်းဆား စားသုံးလျက်ရှိသော်လည်း စံမီအိုင်အိုဒင်းဆား စားသုံးသော အိမ်ထောင်စုရာနှုန်းမှာ (၅၃.၄%) သာရှိကြောင်း၊ သို့ဖြစ်ပါ၍ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ကာကွယ်ရေးလုပ်ငန်းနှင့် အိုင်အိုဒင်းဆား အရည်အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိသောမိခင်များနှင့် အာဟာရပြည့်ဝမျှတသည့် အစားအစာများ ချက်ပြုတ် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဧည့်သည်တော်များက ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးများ တိုက်ကျွေးခြင်း၊ ပျိုဖော်ဝင်အရွယ် ကျောင်းသူများအား သံဓာတ်ဆေးပြားဝေငှခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးနှင့် အာဟာရများဝေငှခြင်း၊ အိုင်အိုဒင်းဆားများကို အရည်အသွေး စစ်ဆေးခြင်းနှင့် ပြခန်းအား လှည့်လည်ကြည့်ရှုခြင်း တို့ပြုလုပ်ခဲ့ပါသည်။

 

     ထို့နောက် PATH မြန်မာမှ အားဖြည့်ဆန်နှင့် ပတ်သက်၍ ခင်းကျင်းပြသခဲ့ပြီး ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုစေခြင်း၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးမှတာဝန်ရှိသူများ၊ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/သူများ၊ ကင်းထောက်မောင်မယ်များနှင့် အခြားဖိတ်ကြားထားသူ စုစုပေါင်း (၄၅၀) ဦး တက်ရောက်ခဲ့ပါသည်။

More Tags