ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ (၂၀၁၈-၂၀၁၉)ခုနှစ်အတွက် လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း အစည်းအဝေးကျင်းပ

ပဲခူး၊ အောက်တိုဘာ (၂၀)ရက်

     ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၀၁၈)ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့မှ စတင်၍ (၂၀)ရက်နေ့အထိ မြို့နယ်အဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်ခြင်း (Development of Township annual Workplan for EPI) အစည်းအဝေး ကျင်းပခဲ့ပါသည်။ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းမှ လုပ်ငန်းရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကျန်းမာရေးမှူးများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြို့နယ်အလိုက် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ရာတွင် လွတ်ကျန်ခဲ့သော ကလေးများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အားနည်းခဲ့သော ပျောက်ကြားနေရာများ (Low Immunization Pocket) နှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းသော နေရာများကို ရှာဖွေဖော်ထုတ်၍ ဦးစားပေးနေရာများ သတ်မှတ်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ စနစ်တကျ ရေးဆွဲတင်ပြလာသော ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များ (bottom up workplan) အား ကျေးလက်ကျန်းမာရေးဌာနများမှ တဆင့် ပေးပို့စေပြီး မြို့နယ်များမှ စီစစ်၍ ခွင့်ပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့မှသာ အသက် (၅)နှစ်အောက် ကလေးများအားလုံး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုများ လျော့နည်းသွားနိုင်မည်ဖြစ်ပါသည်။

 

More Tags