ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Holistic Review Meeting ကျင်းပပြုလုပ်

ပဲခူးမြို့၊ မေလ (၃) ရက်

     ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းအတွင်းရှိ ဆေးရုံကြီးများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနများ၏ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေ Holistic Review Meeting ကို ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     တိုင်းဦးစီးမှူးက အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသည် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်မှုကဏ္ဍများအား ခြုံငုံသုံးသပ် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိဆောင်ရွက်နေသော ကိစ္စရပ်များကို အခြေခံ၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးသွားကြရန်ဖြစ်ကြောင်း၊ တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ဦးစွာသုံးသပ်တင်ပြရန်နှင့် တိုင်းအတွင်းရှိ ဆေးရုံကြီးများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ မြို့နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနများမှ ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များ၊ တင်ပြရန် အချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရန် အချက်များကို တင်ပြကြရန်ဖြစ်ကြောင်း တင်ပြဆွေးနွေးချက်များအား စုစည်းပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ တင်ပြရာတွင် ငှက်ဖျား ရောဂါတိုက်ဖျက်ရေးနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနများတွင် ဖွဲ့စည်းပုံအသစ်အရ ရာထူးများကို ပြန်လည်တည့်မတ်ပေးနိုင်ရန်နှင့်ပတ်သက်၍လည်းကောင်း၊ ဝန်ထမ်းလစ်လပ်နေရာများနှင့် ပတ်သက်၍ လည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ စံကိုက်ဖွဲ့စည်းပုံနှင့် စံကိုက် အဆောက်အဦ လိုအပ်ချက်များအပေါ် ဦးစားပေးအဆင့်များခွဲ၍ တင်ပြခြင်း၊ ကွင်းဆင်းဆောင်ရွက်ရန် အတွက် မော်တော်ယာဉ်လိုအပ်ချက်များအား တင်ပြခြင်း၊ ရောဂါနှိမ်နင်းရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အတွက် လိုအပ်ချက်များအပေါ် သုံးသပ်ချက်များအား တင်ပြသွားပါသည်။

 

     ၎င်းနောက် ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ဖြူး၊ ရွှေကျင်၊ မြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ မြို့နယ် (၂၈)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်မှုများနှင့် ဌာနဖွဲ့စည်းပုံအသစ်၊ စံကိုက်အဆောက်အဦ၊ ခွဲစိတ်ခန်း၊ ဓါတ်ခွဲခန်း၊ ဆေးစတိုခန်း၊ ဝန်ထမ်းနေအိမ်၊ ဝန်ထမ်းအင်အားစသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြပါသည်။ ထို့နောက်တင်ပြချက်များအား တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြပြီး ဆွေးနွေးချက်များ အား စုစည်းကာ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့တင်ပြသွားမည်ဖြစ်ပါသည်။

     အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးဌာနမှူးများနှင့် ဌာနခွဲတာဝန်ခံများ၊ ဆေးရုံအုပ်ကြီးများ၊ ဒုတိယဆေးရုံအုပ်များ၊ ခရိုင် (၄) ခရိုင်မှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ် (၂၈) မြို့နယ်မှ ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကျန်းမာရေးမှူးများ၊ မြို့နယ်သူနာပြု ဆရာမကြီးများ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags