ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် ပိုလီယိုကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေးနေမှုများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ပဲခူး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက်

     ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများရှိ ကာကွယ်ဆေးတိုက်စုရပ်များအား ကွင်းဆင်းကြီးကြပ်ခြင်းနှင့် ပိုလီယို ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးနေမှုများကို ဇူလိုင်လ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနီနီလှိုင်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း(ဗဟို)မှ ဒေါက်တာဒေါ်ခင်ဝင်း (EPI Consultant)၊ ကျောက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လွင်ဌေး၊ ရွှေကျင်ဆေးရုံအုပ် ဒေါက်တာသောင်းဝင်း ဦးဆောင်သောအဖွဲ့နှင့်အတူ ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးလက်ကျန်းမာရေးဌာန၊ အောင်းကြီး၊ ညောင်ပင်သာ (အရှေ့-အနောက်) ကျေးလက်ကျန်းမာရေးဌာနခွဲ၊ မုန်းတိုက်နယ်ကျန်းမာရေးဌာန၊ နောင်ဘိုတာလိုနှင့် ကျွန်းပင်ဆိပ်ကျေးရွာတို့ရှိ ကာကွယ်ဆေးတိုက်စုရပ်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အနောက်ဖက်၊ ပဒဲကောကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျောက်မှော်ကျေးရွာ၊ ပျဉ်းမပင်ဓမ္မာရုံ၊ ညောင်ဝိုင်းရပ်ကွက်၊ ကံ့ကော်ဝိုင်းရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက်ရှိ ကာကွယ်ဆေးတိုက်စုရပ် များတွင် မွေးစမှ (၅) နှစ်အရွယ်ကလေးများကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေမှုကို နည်းပညာဆိုင်ရာပူးပေါင်းကူညီဆောင်ရွက်ခြင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပိုလီယိုအပိုဆောင်းကာကွယ်ဆေးအား (၃) ကြိမ်ပြည့်အောင် မပျက်မကွက်လာရောက်တိုက်ကျွေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း (ဗဟို)၊ တိုင်းဒေသကြီးနှင့် မြို့နယ်ပူးပေါင်းအဖွဲ့သည် (RCA) လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ကျောက်ကြီးမြို့နယ်၊ မျက်ရဲဗမာရပ်ကွက်၊ ရွှေကျင်မြို့နယ် ငါးဖယ်အင်းကျေးရွာ၊ တုံးတံတားကျေးရွာ၊ မကျည်းတန်းကျေးရွာ၊ ဖွဲကုန်းကျေးရွာနှင့် အနောက်ဖက်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

More Tags