နေပြည်တော်တွင်၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု တိုင်းအဆင့် စံပြမိခင်ရွေးချယ်ပွဲကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ် (၂၂) ရက်

     သြဂုတ်လ (၂၂) ရက် နံနက် (၉:၀၀) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု တိုင်းအဆင့် စံပြမိခင်ရွေးချယ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကား ပြောကြားရာတွင် စံပြမိခင်ရွေးချယ်ပွဲအား ကလေးများနှင့်မိခင်များအတွက် ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများ ရရှိစေရန်နှင့် မိခင်များအားလုံးသည် မိမိတို့၏ရင်သွေးငယ်များအား ကျန်းမာရေးညီညွတ်အောင် စနစ်တကျ ပြုစုစောင့်ရှောက်တတ်စေရန်နှင့် ပြည်သူလူထုအတွင်း အာဟာရနှင့် ပတ်သက်သော ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ကြောင်း ပြောကြားပါသည်။

 

     ထို့နောက် ပြိုင်ပွဲဝင်မိခင်များမှ စံပြမိခင်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အကြောင်းအရာများနှင့် မိမိတို့၏ကလေးငယ်များအား လက်တွေ့ပြုစုစောင့်ရှောက်လျက်ရှိသော အကြောင်းအရာများနှင့်ပတ်သက်ပြီး စာတွေ့လူတွေ့ ဖြေဆိုကြပါသည်။ ဆုရရှိသူများအား သြဂုတ်လ (၂၈) ရက်နေ့တွင် ကျင်းပမည့် (၂၀၁၉) ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တိုင်းအဆင့်အခမ်းအနားတွင် ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။ တိုင်းအဆင့်စံပြမိခင်ရွေးချယ်ပွဲ အခမ်းအနားကို မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများ၊ စံပြမိခင်များနှင့် ၄င်းတို့မိသားစုဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌများ စုစုပေါင်း (၄၀) ဦး တက်ရောက်ကြပြီး နေ့လည်(၁၂:၃၀)တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

 

More Tags