နည်းပညာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်ဖြစ်ကြောင်း ကြေညာခြင်းနှင့် လူငယ်နှင့်မျိုးဆက်ပွား ကျန်းမာရေးလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်

ဘားအံ၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်

     “နည်းပညာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်ဖြစ်ကြောင်း ကြေညာခြင်းနှင့် လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေး လှုပ်ရှားမှုအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက် (၁၀:၃၀) နာရီတွင် နည်းပညာတက္ကသိုလ်(ဘားအံ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကရင်ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် က အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ နည်းပညာတက္ကသိုလ်(ဘားအံ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့် က အခမ်းအနားကျင်းပ ပြုလုပ်ရသည် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုင်းကျော်ခမ်းလောင်ဝ် က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ့်စေတမန်စီမံချက်မှ လူငယ်များက “သိထားသင့်ပါတယ်” ကျန်းမာရေးအသိပညာပေး သရုပ်ဖော်ခြင်းကို တင်ဆက်ကပြခဲ့ကြပါသည်။

 

     အဆိုပါအခမ်းအနားကိုအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှအရာရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နည်းပညာ တက္ကသိုလ်(ဘားအံ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူအယောက် (၅၀၀) ခန့် တက်ရောက်ခဲ့ ပါသည်။ အခမ်းအနားအပြီးတွင် “အသက်အန္တရာယ်ကင်းဝေးဖို့ ဆေးလိပ်ငွေ့ကို ငြင်းပယ်စို့” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသော ပြိုင်ပွဲဝင်များအား လူမှုရေးဝန်ကြီးမှ ဆုချီးမြှင့်ပေးခဲ့ပြီး ကျန်းမာရေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး/ အရက်/ မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျား/မအခြေပြုအကြမ်းဖက်မှု၊ ကူးစက်ရောဂါများ၊ မကူးစက်နိုင်သောရောဂါများ၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံအစရှိသော ခေါင်းစဉ်များနှင့်ပတ်သက်သည့် မေးခွန်း များကိုဖြေဆိုပြီး လက်ဆောင်ရယူခြင်း အစီအစဉ်များ၊ ဆီးချိုသွေးချိုရောဂါ စစ်ဆေးပေးခြင်း၊ HIV/Syphilis ရောဂါစစ်ဆေးပေးခြင်းနှင့် အချစ်ပုစ္ဆာ ဘဝအဖြေရှာ အက်ပလီကေးရှင်းကို သွင်းပေးသည့် အစီ အစဉ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များတွင်လည်း ကျောင်းသား/သူများကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

More Tags