နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆောင်ရွက်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၀) ရက်

     ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ် မှ ဗဟိုအဆင့်၊ အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံ များနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ (မြန်မာပြည်အလယ်ပိုင်း) ကို (၂၀- ၂- ၂၀၁၉)ရက်နေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ယခုကျင်းပပြုလုပ်သော ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွက် (၂၀၁၉) ခုနှစ်တွင် ပထမအကြိမ် စတင်ပြုလုပ်ခြင်းဖြစ်၍ အခမ်းအနားကို ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်းနှင့် ဆေးရုံ(၄)ရုံမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့မှ ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့် ဆေးဘက်ဆိုင်ရာ လူမှုရေးပြဿနာများကို Power Point များဖြင့် တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာကြသူများမှ တင်ပြချက်အပေါ် ပြန်လည်ဆွေးနွေးခြင်းတို့ဖြင့် အပိုင်း(၂) ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ပါသည်။

     အခမ်းအနားတွင် ဒေါက်တာပပ၊ ဆေးရုံအုပ်ကြီး၊နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ မှ သဘာပတိအဖြစ်ဆောင်ရွက်၍ ဒေါက်တာယဉ်သန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုအဆင့် ဆေးရုံကြီးများညှိနှိုင်းကွပ်ကဲရေးမှူး၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များ၊ လက်ထောက်ဆေးရုံအုပ်များ၊ ဒေါ်နန်းခင်မာလေး၊ ဒုတိယညွှန်ကြားရေးမှူး (ဆေးလူမှု) ကုသရေး (ရုံးချုပ်)၊ သူနာပြုအုပ်ကြီး၊ သူနာပြုအုပ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)များ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) မှ တာဝန်ရှိသူများ စုစုပေါင်း(၆၀) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

     အခမ်းအနားပထမပိုင်းတွင် သဘာပတိ ဒေါက်တာပပ၊ ဆေးရုံအုပ်ကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ခုတင်-၁၀၀၀ မှ အဖွင့်အမှာစကားပြောကြားရာတွင် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းသည် လူမှုအကျိုး သယ်ပိုးသည့်လုပ်ငန်းဖြစ်ပြီး ဆေးရုံ၏ Quality Improvement ဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ပေးနေသည့် လုပ်ငန်းဖြစ်ကြောင်း၊ မိဘစွန့်ပစ်ကလေးများကိစ္စများအား ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာလူမှုရေးအခက်အခဲများကြုံတွေ့နေရသည့် လူနာများ၏အရေးကိစ္စများအား ကူညီဖြေရှင်းဆောင်ရွက်ပေးနေကြသည့် ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို တွေ့မြင်သိရှိခဲ့ပါကြောင်း၊ ကုသိုလ်ရအကျိုးရှိသည့်လုပ်ငန်းဖြစ်သည့်အပြင် မိမိတို့ လုပ်ငန်းနှင့်ပတ်သက်၍ Learning is never ending ဖြစ်သည့်အတွက် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းများဆိုင်ရာ အသိပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာသွားစေလိုကြောင်း၊ မည်သည့်ကိစ္စမဆို research အမြင်နှင့်ကြည့်ဖို့လိုကြောင်း၊ စနစ်တကျသုတေသန ပြုလုပ်ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ သုတေသနများလည်း ဆောင်ရွက်သင့်ကြောင်း၊ အလုပ်လုပ်ရာတွင် (Teamwork) ဖြင့် လုပ်ဖို့လိုကြောင်း၊ (Team Spirit) ဖြင့် လုပ်ဆောင်မှသာ (Unity) တည်ဆောက်နိုင်ပြီး၊ (quality improvement) ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏လုပ်ငန်းအတွေ့အကြုံများကို အချင်းချင်းမျှဝေကြပြီး လက်တွေ့ ပြန်လည်လုပ်ဆောင်ကြစေလိုကြောင်း၊ (Thinking) ကောင်းဖို့လိုကြောင်း၊ အလုပ်လုပ်ရာတွင် (Officer Spirit) ဖြင့် လုပ်ဆောင်ကြစေလိုကြောင်းတို့ကို တိုက်တွန်းပြောကြားခဲ့ပါသည်။

 

     ဒုတိယပိုင်းအစီအစဉ်တွင် သဘာပတိအဖြစ် ဒေါက်တာပပ၊ ဆေးရုံအုပ်ကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး -ခုတင်(၁၀၀၀)မှ ဆောင်ရွက်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဆေးရုံ၊ နေပြည်တော်မှ D/C Parade, Health Education, PMCT Counseling များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀မှ Gender based Violence (case) နှင့်ပတ်သက်သည့်ပြဿနာ၊ ခုတင်(၅၀၀)ဆံ့ သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး၊ နေပြည်တော်မှ ကာမလိမ်လည်ရယူခံခဲ့ရ၍ ဆေးရုံသို့ လာရောက်ဆေးကုသမှုခံယူခဲ့သည့် (case) ကို ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့်ပြဿနာ၊ ပြည်သူ့ဆေးရုံကြီး၊ ပခုက္ကူမြို့မှ ပြန်လည် နေရာချထားရေးနှင့် ဆေးကုသမှုခံယူနိုင်ရန် ကူညီဆောင်ရွက်ဖြေရှင်း ပေးခဲ့ရသည့် (case) တို့၏ ဆေးဘက်ဆိုင်ရာလူမှုရေးပြဿနာ(၄) ခုတို့ကို တင်ပြခဲ့ကြပါသည်။

 

     တင်ပြလာသည့် (case) များနှင့် ပတ်သက်၍ တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ လက်ထောက်ဆေးရုံအုပ်များ၊ သူနာပြုအုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ သိလိုသည်များမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများပြုလုပ်၍ ဆေးရုံအုပ်ကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ မှ နိဂုံးချုပ်အမှာစကားပြောကြား၍ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) နေပြည်တော် ဆွေးနွေးပွဲအခမ်းအနား ကို ညနေ (၄:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

More Tags