နေပြည်တော်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအဆင့် ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ ဆန်းစစ်မည့်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၇) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၇၄၈) ကျောင်းအနက် အခြေခံပညာကျောင်းပေါင်း (၇၆) ကျောင်းအား ကျောင်းအဆင့် ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ ဆန်းစစ်မည့်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ (၂) တွင် (၂၇-၈-၂၀၁၉)နေ့ နံနက် (၉:၀၀) နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးနှင့်အဖွဲ့သည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုမည့် (Check List) များ အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် (၈) မြို့နယ်မှ တက်ရောက်လာကြသော ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ရမည့် ကျောင်းများနှင့်နေ့ရက်တို့ကို ညှိနှိုင်းသတ်မှတ်ခဲ့ကြပါသည်။

 

     ဆက်လက်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ ယခုဆောင်ရွက်မည့် ကျောင်းပေါင်း (၇၆) ကျောင်းအား Physical Fitness dance သင်ကြားပေးနိုင်ရန် စီစဉ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကျောင်းမုန်းစျေးတန်းများ စစ်ဆေးနိုင်ရန် (Check List) များ ညှိနှိုင်းရေးဆွဲခြင်း၊ စစ်ဆေးရရှိသောရမှတ်များအပေါ် မူတည်၍ ကျောင်းမုန်းစျေးဆိုင်များအား (ကျန်းမာရေးနှင့် ညီညွတ်ကြောင်း၊ ကျန်းမာရေးနှင့်မညီညွတ်ကြောင်း) စတစ်ကာများကပ်ရန် ဖြန့်ဖြူးပေးခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်မှုများ အပေါ် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ပါသည်။

     ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချူပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်များမှ ပညာရေးမှူးများ၊ မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၅၀) ဦး တက်ရောက်ပြီး အခမ်းအနားအား နေ့လည် (၁၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags