နေပြည်တော်တွင် အမျိုးသမီးဘောလုံးအားကစားသမားများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင်တင်ရေးဌာနခွဲသည် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လူထုအားကစားအစီအစဉ်နှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးအစီအစဉ်အရ ယနေ့နံနက် (၁၀) နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းသို့ သွားရောက်၍ တိုင်းနှင့်ပြည်နယ်အသီးသီးမှ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအားကစားသမား (၃၅၀) ဦးခန့်အား ဘောလုံးအားကစားနည်း၏ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများနှင့် အားကစားနှင့် မြန်မာအမျိုးသမီးများကျန်းမာရေး အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါဟောပြောပွဲတွင် “ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ” စာအုပ်များကို ဖြန့်ဝေပေးခဲ့ပြီး အားကစားပြုလုပ်ခြင်းအားဖြင့် မိမိကိုယ်တိုင်မိမိ၏ပတ်ဝန်းကျင် မိတ်ဆွေများနှင့်မိသားစုအသိုင်းအဝန်းတွင် တစ်သက်တာရရှိနိုင်မည့် အကျိုးကျေးဇူးများ အကြောင်း အသိပညာများဖြန့်ဝေပေးခဲ့သည်။ ရေှးဉီးစွာ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(တာဝန်)၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက ဘောလုံးအားကစားနည်းကိုဆောင်ရွက်ခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာ သန်စွမ်းခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာ ကြံ့ခိုင်သန်စွမ်းခြင်းတို့အပြင် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်ပြီး လူမှုဆက်ဆံရေးကောင်းမွန်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအလိုကျ ကျန်းမာခြင်းသုခအစစ်ကို ခံစားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့်မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားခြင်းမှကာကွယ်နိုင်ပါကြောင်းနှင့် စာအုပ်ပါအသိပညာများကို မိမိကိုယ်တိုင်သိရှိလိုက်နာပြီး မိမိတို့ကျောင်းရှိသူငယ်ချင်းများ၊ မိသားစုဆွေမျိုးများနှင့်အခြားသူများအားဖြန့်ဝေပေးခြင်းအပြင် မိမိတို့ကိုယ်တိုင်သည်လည်း မိမိတို့အသိုင်းအဝန်းတွင် စံပြဘောလုံးအားကစားမယ် (Role Model)များဖြစ်ပါ၍ မိမိတို့ဒေသသို့ပြန်လည်ရောက်ရှိသည့်အခါ ဘောလုံးအားကစားမယ် ကျန်းမာရေးသံတမန်များအဖြစ် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပြီး အားကစားသမားများကလည်း တတ်စွမ်းသမျှကြိုးစားဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

     ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မင်းက ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်တွင်းပါ ကျန်းမာရေးအသိပညာများကို အားကစားသမားများနှင့် အပြန်အလှန် ဆွေးနွေး ပြောကြားပြီး ထိုအသိပညာများကို လိုက်နာကျင့်သုံးခြင်း၊ ဖြန့်ဝေပေးကြခြင်းနှင့် မိမိတို့ကိုယ်တိုင်လည်း နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာကြစေရေး ကြိုစားကြရန် တိုက်တွန်း‌ပြောကြားခဲ့သည်။

More Tags