နေပြည်တော်တွင် အမျိုးသားအဆင့် ကျောင်းတွင်းအာဟာရကျွေးမွေးရေး အစီအစဉ် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ မေလ (၁၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် World Food Programme တို့ ပူးပေါင်း၍ National School Feeding Programme Technical Coordination Workshop (အမျိုးသားအဆင့် ကျောင်းတွင်းအာဟာရကျွေးမွေးရေး အစီအစဉ် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲ) ဖွင့်ပွဲအခမ်းအနားကို (၁၄-၅-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိ/ လက်ထောက် ဆရာဝန်များ၊ ပြည်နယ်/ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ ကျောင်းကျန်းမာရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ World Food Programme မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ကြပါသည်။

 

     အလုပ်ရုံဆွေးနွေးပွဲတွင် ဒေသအလိုက် ထွက်ကုန်များနှင့် စားသောက်နေထိုင်မှု ပုံစံများ မတူညီသည့်အတွက် မိမိတို့နေရာ ဒေသနှင့်ကိုက်ညီမည့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများကိုဆွေးနွေးရန်၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်နေသည့်ဒေသများ၏ အားသာချက်၊ အားနည်းချက်များနှင့် အခက် အခဲများကို မျှဝေဆွေးနွေးရန်၊ Multisectoral School Feeding Programနှင့် ပတ်သက်၍ နိုင်ငံနှင့်သင့်လျှော်ပြီး မိမိဒေသနှင့် ကိုက်ညီသော National School Feeding Framework တစ်ခုပေါ်ပေါက်ရေးအတွက် ဆွေးနွေးကြရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် နှီးနွယ်အဖွဲ့အစည်းများ၏ တာဝန်နှင့်ဝတ္တရားများကို သတ်မှတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို (၁၄-၅-၂၀၁၉) ရက်နေ့မှ (၁၅-၅-၂၀၁၉) ရက်နေ့အထိ နေပြည်တော်၊ ရွှေပြည်တော်ဟိုတယ်တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

 
 
 
 

More Tags