နိုင်ငံတဝှမ်း ၀က်သက်−ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) အသိပေးရှင်းလင်းပွဲ ကျင်းပပြုလုပ်

မကွေးမြို့၊ (၂၀၁၉) ခုနှစ်၊ နို၀င်ဘာလ (၁၅) ရက်

     နိုင်ငံတဝှမ်း ၀က်သက်−ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအား အသိပေးရှင်းလင်းပွဲကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်၌ ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးအတွင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှု ကောင်းမွန်ရေး၊ ၀က်သက်−ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်း၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ အတွင်းရေးမှူး နှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များအား အသိပေးရှင်းလင်းပွဲကို နေ့လည် (၁:၀၀)နာရီ တွင် ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတဝှမ်း၀က်သက်−ဂျိုက်သိုးရောဂါကာကွယ်ဆေးအပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ဆောင်ရွက်နိုင်ရေးအတွက် ရာနှုန်းပြည့် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ကာကွယ်​ဆေးထိုနှံရမည့် အသက်အလိုက်ကလေးတိုင်း ကာကွယ်ဆေးလာရောက်ထိုးနှံရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ မှလည်း လိုအပ်သည့်နည်းပညာဆိုင်ရာ အကူအညီများ၊ အကြံဉာဏ်များပေးအပ်နိုင်ပါကြောင်း ပြောကြားသည်။အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း(မကွေးတိုင်းဒေသကြီး)မှ ကိုယ်စားလှယ်များ၊ အထူးကုဆရာဝန်ကြီးများ တက်ရောက်ကြသည်။

More Tags