ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကျန်းမာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ

ကျိုင်းတုံ၊ ဒီဇင်ဘာ (၁၇)ရက်

     ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် တာချီလိတ်၊ မယ်ဆိုင်ခရိုင်အကြား ကျန်းမာရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးအစည်းအဝေးကို (၂၉.၁၁.၂၀၁၈) နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ပီယာပွန် ပါဗလီယမ်ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ဒေါက်တာမြင့်ကျော်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ရှမ်းပြည်နယ် (အရှေ့) ဦးဆောင်သော တာဝန်ရှိသူများ နှင့် ထိုင်းနိုင်ငံမှ ဒေါက်တာအက်ကာချိုင်ကန်လွီ၊ ဒုတိယညွှန်ကြားရေးမှူး၊ ရောဂါကာကွယ်ရေးဆေး ပညာဌာန၊ ချင်းရိုင်ခရိုင် ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

     အစည်းအဝေးတွင် ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက် များ လျှင်မြန်စွာဖလှယ်ရေး၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်၊ တီဘီ၊ သွေးလွန်တုပ်ကွေးနှင့် အခြား သော ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်တိုက်ဖျက်ခြင်းလုပ်ငန်းရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဖြစ်သော တာချီလိတ်နှင့် မယ်ဆိုင်ခရိုင်အကြား လူနာလွှဲ ပြောင်းညွှန်းပို့ခြင်းအတွက် ပိုမိုချောမွေ့အဆင်ပြေစေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ၄င်းနောက် ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များ လျှင်မြန်စွာ ဖလှယ်နိုင်ရေးအတွက် ဆုံချက်ပုဂ္ဂိုလ် (focal person) များ ရွေးချယ်သတ်မှတ်ခြင်းနှင့် တာချီလိတ် နှင့် မယ်ဆိုင်ခရိုင်အကြား လူနာလွှဲပြောင်းညွှန်းပို့ခြင်း ပိုမိုချောမွေ့အဆင်ပြေစေရန်အတွက် နှစ်နိုင်ငံနယ်စပ်ဂိတ်ရှိ ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုရာ ကျန်းမာရေးဌာနအချင်းချင်း ချိတ်ဆက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ (၂၇.၁၂.၂၀၁၈) နေ့ရက်၌လည်း နှစ်နိုင်ငံ နယ်စပ် တာချီလိတ်၊ မယ်ဆိုင်ခရိုင်အကြား ကျန်းမာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို မြန်မာနိုင်ငံ တာချီလိတ်ဖက်ကအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

More Tags